မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် (၂၇) နှစ်အရွယ် အရပ်သားတစ်ဦးကို သေနတ် ဖြင့် ပစ်သတ်ခဲ့သော KNDF တပ်ဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ်အနှစ်(၂၀)နှင့် (၁) လ ချမှတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောသာအဲလ်စိုးထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၁၁ နာရီဝန်းကျင်တွင် ဖမ်းဆီးထားသည့် ပီးကင်းကောခူရွာသားကို ပစ်သတ်ခဲ့သည့် အဆိုပါတပ်ဖွဲ့ဝင်နှစ်ဦးကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် KNDF ဗဟို စစ်ခုံရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
“ဗျူဟာအဆင့်မှာလည်း ခုံရုံးဖွဲ့တယ်၊ ဗဟိုအဆင့်မှာလည်းခုံရုံးဖွဲ့တယ်၊ စစ်ဘက်ဆိုင်ရာအက်ဥပဒေအရ ဒီပြစ် မှုကျူးလွန်တဲ့တပ်ဖွဲ့ဝင်တွေကို ခုံရုံးတွေအဆင့်ဆင့်ဖွဲ့ပြီးတော့မှ အမြင့်ဆုံးပြစ်ဒဏ်ကိုပေးလိုက်တာဖြစ်ပါတယ်” ဟု စောသာအဲလ်စိုးက ရှင်းပြသည်။
အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခြင်းမရှိစေရန် ပိုမိုတင်းကျပ်သည့် ကွပ်ကဲမှုမျိုးလုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်ကတည်းက စတင်ရေးဆွဲအသုံးပြုခဲ့သည့် ရှိနှင့်ပြီးသား စက်ဘက်ဆိုင်ရာအက်ဥပဒေကိုလည်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း KNDF – ဗဟို ထံက သိရသည်။
“ဒီကိစ္စမျိုးက လုံးဝခွင့်လွှတ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်မို့ ပြည်သူလူထုက အမျိုးမျိုးထင်မြင်ယူ ဆနိုင်စရာရှိပါတယ်၊ ဒါပေမယ့် KNDF ဘက်က ဒီကိစ္စကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဖြေရှင်းပေးခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံအလည်ပိုင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးကလည်း “ ပြည်သူကိုမျက်နှာမူထားတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့အတွက်ပြည်သူတွေအထင်အမြင်မလွဲစေဖို့ အသေးစိတ်ကအစ မမှားစေဖို့ သေချာဂရုစိုက်ပြီးလုပ်သင့်တယ်” ဟု အကြံပြုပြောသည်။
အဆိုပါ အရပ်သားသေဆုံးခဲ့ချိန်တွင် သေဆုံးသူ၏ မိသားစုဝင်များသည် တရားမျှတမှုကို အာမခံသည့်အပြစ်ပေးအရေးယူမှုမျိုး၊ စီရင်ချက်ချမှတ်မှုမျိုး လုပ်ဆောင်ပေးရန် KNDF ထံသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။