ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ စစ်တပ်ထောက်ခံသူများသည့် ပျဉ်ပုံကျေးရွာအုပ်ချုပ်ရေးမှူးအား ရှင်းလင်းရန်လာသူများကို ဓားဖြင့်ဝင်ခုတ်သည့် ပျူစောထီးခေါင်းဆောင်စိုးလေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့က ယနေ့ထုတ်ပြန်သည်။
ပျဉ်ပုံကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဘဲမြှီး(ခ)ရဲအောင်အား ရှင်းလင်းရန် မတ်လ ၁၈ ရက်၊ ညပိုင်းကသွားရောက်စဉ် အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတော်စပ်သူအချို့နှင့်ပျူစောထီးများ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း နတ်စစ်သည် အဖွဲ့ခေါင်းဆောင်က ပြောသည်။
“ကျွန်တော်တို့ ဘဲမြှီး အိမ်ထဲဝင်ဖို့ ကြိုးစားနေတဲ့ အချိန် သူ့အမျိုးတွေနဲ့ ပျူတွေ ၃၀ လောက်ရှိတယ် ရောက်လာတာ။ အဲဒီမှာ ပျူစောထီးစိုးလေးက ဓားနဲ့ပြေးခုတ်လို့ ရဲဘော်တွေပစ်လိုက်ရတယ်။ နောက်ကျန်တဲ့သူတွေ ဝင်မလာအောင် ခြောက်လှန့်ပစ်ခဲ့တယ်၊ လူတော့မထိပါဘူး” ဟု ၎င်းက ရှင်းသည်။
အဆိုပါ ပျဉ်ပုံအုပ်စုသည် စစ်တပ်ထောက်ခံသည့် ရွာ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)က အနိုင်ရခဲ့သည့် ကျေးရွာအုပ်စုဖြစ်ကြောင်း ၎င်းကတာဝန်ခံဆက်လက်ပြောသည်။
“စစ်တပ်ကအာဏာသိမ်းတော့လည်း အဲဒီရွာက လူအများစုကပျော်နေကြတာ။ အခုသေသွားတဲ့ ပျူခေါင်းဆောင် စိုးလေးကလည်း စစ်တပ်က ရွာမှာ ပြည်သူ့စစ် ပထမတစ်ခါဖွဲ့ခိုင်းတုန်းက မဖွဲ့တော့ဘူး စစ်သားလိုအပ်ရင် တစ်ရွာလုံး စစ်မှုထမ်းမယ်လို့ အာမခံထားတဲ့သူ။ ဘဲမြှီး(အုပ်ချုပ်ရေးမှူး)ကလည်း စစ်မှုထမ်းဖို့ တခြားရွာက လူငယ်တွေကိုပါ လိုက်စည်းရုံးနေတာ”ဟု ဒေသခံတစ်ဦးကဆိုသည်။
တော်လှန်ရေးရဲဘော်များ၏ပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင်စိုးလေးသေဆုံးသွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အများအပြားရောက်ရှိလာပြီး ကျေးရွာအတွင်း စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း အသက် ၂၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်သားတွေ ရောက်လာတာ အများကြီးပဲ၊ အလောင်းကိုတော့ တောင်ညို ဆေးရုံယူသွားတယ်၊ ပြီးတော့ ပြန်သယ်လာပြီးရွာမှာနာရေးလုပ်တယ်၊ စစ်သားတွေတော့ မပြန်သေးဘူး။ အခုမနက်လည်းထပ်ရောက်လာတယ်၊ ရွာသားတွေလည်း စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်” ဟု ၎င်းက နောက်ဆုံးအခြေအနေကို ပြောသည်။
သာယာဝတီခရိုင် ၈ မြို့နယ်တွင် မတ်လအတွင်း တော်လှန်ရေး ရဲဘော်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပျူစောထီး၊ အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်သတင်းပေး ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်သည်။