ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်၊ တိုက်ပွဲဖြစ်ပွားနေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ နှင့် အောင်မြေ ၂ ကျေးရွာများသို့ ယနေ့ (မတ် ၁၁ ရက်)၊ ညနေ ၅ နာရီခန့်၌ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်လာရောက်တိုက်ခိုက်စဥ် ရဟတ်ယာဉ်တစ်စင်းအား KIAကပစ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ ကျတော်တို့ဘက်က ပစ်ချလိုက်တာ ရဟတ်ယာဥ်ကို ထိမှန်သွားတာ ဟုတ်တယ်၊ ပျက်ကျတာကတော့ အတည်မပြုနိုင်သေးဘူး။ နမ့်ပေါင်လေတပ်စခန်းနားက ဒေသခံတွေကတော့ မီးလောင်သွားတယ်လို့ ပြောကြတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
KIA မှ ပစ်ချလိုက်သည့် တိုက်ခိုက်ရေးရဟတ်ယာဥ်နှင့် ပက်သက်၍ အသေးစိတ်အချက်အလက်များကို MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
လက်ရှိတွင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ နှင့် အောင်မြေ ၂ ကျေးရွာများ၌ နှစ်ဖက်တိုက်ပွဲများပြင်းထန်လျက်ရှိပြီး၊ ဒေသခံပြည်သူ တစ်ထောင်ကျော်မှာ ကျေးရွာများအတွင်း၌ ပိတ်မိနေလျက်ရှိကြောင်း သိရသည်။
“ ဒီနေ့ နေ့လယ်ကနေ စပြီး စစ်ကောင်စီက အင်လုံခတပ်စခန်းကို ပြန်ရဖို့ လုပ်နေတာ၊ မြစ်ကြီးနားလေတပ်ကနေလည်း ပစ်တာ” ဟု အောင်မြေ ၂ ဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့ကနေ ဝိုင်းမော်ကို မပခ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကရော၊ လက်နက်ကြီးတပ်နဲ့ ခလရ ၅၈ တပ်ရင်းကရော လှမ်းထုတာ၊ ကျတော်တို့လည်း ဝိုင်းမော်ဘက်ကို ပစ်တယ်ဆိုတာ နောက်မှသိရတာ။ အိမ်နားကနေ ထုနေသလိုကြီးပဲ၊ ဗလမင်းထင်တံတားကိုထိန်းချုပ်နိုင်ရင် ကချင်ပြည််တစ်ဝက်ကအေးဆေးပဲ” ဟု မြစ်ကြီးနားဒေသခံလူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် မတ် ၈ ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏ အောင်မြေ ၁ ကျေးရွာ၌ အခြေစိုက်ထားသော အင်လုံခတပ်စခန်းကို သိမ်းပိုက်ထားနိုင်ခဲ့သည်။