ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၄ ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သာယာ၀တီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ယနေ့သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်မှစတင်၍ မတ်လ ၁၀ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲ ၆ ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သာယာ၀တီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ရဲဘော်ရိုးမမြေကပြောသည်။
“ အင်အား ၁၂၀ လောက် နဲ့ စစ်ကြောင်းထိုးလာတာ၊ စစ်ကူလာတာတွေလည်းရှိတယ်၊ စကစတွေသေတာက မျက်မြင် အတည်ပြုတာပါ၊ လက်နက်ကြီး လက်နက်ငယ်နဲ့အပြန်အလှန်ပစ်ခတ်ခဲ့တာပါ” ဟု ၎င်းကရှင်းပြသည်။
ထိတွေတိုက်ပွဲများဖြစ်ပွားနေသည့် မတ်လ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဟိုင်းယုဘုန်းကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းပိုင်ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဟိုင်းယုကျေးရွာတွင်နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါ တိုက်ခိုက်မှုများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊ တပ်ခွဲ ၃ နှင့် ဒဂုံစစ်ကြောင်းတို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည် မတ်လ ၆ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်၏ ညာလက်ရုံး ပျူစောထီးလှဦးအား မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း မိုင်တိုင် ၂၀ တွင် သာယာ၀တီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ရှိတပ်ဖွဲ့ဝင်အချို့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။