စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း မွေးရာပါအူကျရောဂါဖြစ်နေပြီး အလျင်အမြန်ခွဲစိတ် ရန်လိုအပ်နေသော စစ်ရှောင်ကလေးငယ်တစ်ဦးအတွက် ကုသစရိတ် လိုအပ်နေကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၊ပဇီကြီးစစ်ရှောင်စခန်းတစ်ခုမှ အသက်၄နှစ်အရွယ်ရှိ မောင်စိုင်းမင်းခန့်မှာ မွေးရာပါ အူကျရောဂါဖြစ်နေပြီး ခွဲစိတ်ရန် ငွေကြေး အကူအညီလိုအပ်နေကြောင်း ပဇီကြီးစစ်ရှောင်များကို ကူညီပေးနေသည့် ကိုရောင်နီက ပြောသည်။
” ကလေးက တစ်ခါတလေ ကိုက်တယ်၊ နာတယ်လို့ ပြောတယ်။ ပိုက်ဆံမရှိတော့ ခွဲဖို့ပြုဖို့ အဆင်မပြေကြဘူး။ မွေးရာပါဆိုပြီး အခုထိ ထားနေတာ ကလေးကို ။အခုတော့ တဖြည်းဖြည်းကြီးလာတော့ ခွဲဖို့ဆိုပြီး ကျနော်တို့ ဦးဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ကလေးငယ်တွင် မိဘနှစ်ပါး မှာ တောင်သူများဖြစ်ပြီး စစ်ရှောင်များဖြစ် သဖြင့် ခွဲစိတ်စရိတ် မတတ်နိုင်ကြောင်း သိရသည်။
” ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖွင့်ထားတဲ့ ဆေးတပ်စခန်းတွေမှာ ကုသခွဲစိတ်လို့ရတယ်။ ၁၀ သိန်းလောက်တော့ ကုန်ကျမယ်။အချိန်ကတော့ အများကြီးပေးစရာမလိုဘူး’ဟု ဆေးတပ်ဖွဲ့ဝင် PDFရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါကလေးငယ် ခံစားနေရသည့် ရောဂါမှာ Hydrocele(or)hernia အမျိုးအစားဖြစ်ပြီး အလျင်အမြန်ခွဲစိတ်လျှင် ပိုကောင်းမည်ဟု ၎င်းက အကြံပြုသည်။
ပဇီကြီးရွာသည် ၂၀၂၃ခုနှစ်၊ ဧပြီ ၁၁ရက် တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပြည်သူ ၁၆၀ကျော် သေဆုံးခဲ့ပြီး ရွာလည်း ပျက်စီးသွားခဲ့သည်။