မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအနက် နောက်ဆုံး ၄ လအတွင်း အပြစ်မဲ့ပြည်သူများအပေါ်သတ်ဖြတ်မှုမှာ အများဆုံးဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ စစ်တမ်းအရသိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလေးလအထိ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ပေါင်း အနည်းဆုံး ၃၇ ကြိမ်အထိရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် စုစုပေါင်း ပြည်သူ ၂၈၃ ဦးသေဆုံးခဲ့ရကြောင်း အထက်ပါအဖွဲ့က ၎င်းတို့စစ်တမ်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“ ၂၀၂၃ ခုနှစ် ပထမလေးလပေါ့နော်၊ ဇန်နဝါရီကနေ ဧပြီလအတွင်း ၂၆ ကြိမ်၊ ဒုတိယလေးလဖြစ်တဲ့ မေကနေ ဩဂုတ်အထိက ၂၇ ကြိမ်ရှိတယ်။ အခု နောက်ဆုံးလေးလကတော့ ၃၇ ကြိမ်ပေါ့။ ဒါကို Percentage အရပြန်တွက်ရင် တနှစ်တာအတွင်း အများဆုံးလအပိုင်းအခြားလို့ ပြောလို့ရတယ် ” ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ နိုင်ငံရေးနှင့်သုတေသနအကြံပေး ကိုမိုးထက်နေက MPA ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် နယ်မြေရှင်းလင်းလုပ်ဆောင်ခြင်း၊ လေကြောင်းအသုံးပြုခြင်း ၊ လက်နက်ကြီးအသုံးပြုခြင်းတို့ဖြင့် အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြသည်။
“ အဓိကအားဖြင့် အချက်အလက်အရဆိုရင် တိုက်ပွဲဖြစ်ပွားနေစဉ်နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်မှာ ပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ ပိုများတယ် ” ဟု ကိုမိုးထက်နေကဆိုသည်။
စစ်အုပ်စုသည် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများအနီးရှိ ကျေးရွာများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည်ဟု ယူဆရသည့် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ အရပ်သားအလောင်းများနှင့် နေအိမ်များကို မီးရှို့ခြင်းများ ကျူးလွန်ခဲ့ကြကြောင်း စစ်တမ်းအတွင်း ဖော်ပြချက်များအရသိရသည်။
“ စစ်သားတွေ ရွာနားရောက်ပြီဆို ကြောက်နေရတယ်။ ရွာထဲဝင်မလား။ ပြေးရမလား။ ဖမ်းခံရမလား။ မိရင်အသတ်ခံရမလားဆိုပြီး အမြဲတမ်းခံစားရတယ်။ ညအိပ်ရင်လည်း ကောင်းကောင်းအိပ်မပျော်ပါဘူး” ဟု မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးကားလမ်းဘေးတွင်နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။
ယခုကဲ့သို့ စစ်အုပ်စုက အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းသည် အကြောင်းအရင်းနှစ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က နိုင်ငံရေးနှင့်သုတေသနအကြံပေး ကိုမိုးထက်နေက သုံးသပ်သည်။
“ အကြောင်းအရင်းက ၂ မျိုးရှိတယ်။ စစ်အုပ်စုက လက်တွေ့မြေပြင်မှာ အနိမ့်ပိုင်းကိုရောက်လာတယ်။ ဒီတော့ စစ်ရှုံးတဲ့အတွက် လက်စားချေတဲ့အနေနဲ့ သတ်ဖြတ်တာ။ နောက်တစ်ခုက ဒေသခံအရပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မပူးပေါင်းရဲအောင်၊ မကူညီရဲအောင် ခြိမ်းခြောက်တာပေါ့ ” ဟု ၎င်းကပြောသည်။
စစ်တပ်ကအာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ ၃ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၀၇၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။