ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ၊ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်၊ လိုင်ဇာမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကြီးနှင့် စခန်းလေး ၂၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ၄ ရက်အတွင်းသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။
ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ မတ် ၁၀ ရက်အထိ လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ အမာခံတပ်စခန်းကြီးများဖြစ်သည့် ခယာဘွမ်တပ်စခန်း၊ နောင်ရာစင်ခန်ဘွမ်တပ်စခန်း၊ ဖွန်းပျဲန်ဘွမ်တပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်း၊ နမ့်ဖက်ခတပ်စခန်း၊ ဒေါ့ဖုန်းယန်ရှိ ခလရ ၁၄၂ တပ်စခန်း၊ ဘွမ်ရေဘွမ်တပ်စခန်း၊ အင်လုံခတပ်စခန်း၊ ဆွမ်ပရာဘွမ်မြို့အနီးရှိ မလိယာန်တပ်စခန်း၊ မလိတပ်စခန်း၊ မာဆန်ကောင်တပ်စခန်းများအပါအဝင် ကာကင်းစခန်းများကို KIA ကသိမ်းပိုက်ထားနိုင်ခဲ့သည်။
“ လက်ရှိထိကတော့ စခန်းကြီး၊ စခန်းငယ်နဲ့ ကာကင်းတွေအပါအဝင် ၂၀ ကျော် သိမ်းပိုက်ထားနိုင်ပြီ၊ တိုက်ပွဲတွေကတော့ ရှိနေတုန်းပဲ၊ လေယာဥ်တွေလည်း လာတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။
လိုင်ဇာမြို့အနီးတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေသော နေရာများနှင့် အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲမှုများလည်း ပြုလုပ်လျက်ရှိသည်။
“ ကျွန်တော်ကတော့ မြို့ထဲကနေ ထွက်ခဲ့ပြီဆိုတော့ မြို့ထဲကအခြေအနေကို မသိတော့ဘူး။ အကုန်နီးနီးကတော့ ရှောင်ကုန်ကြပြီ” ဟု လိုင်ဇာဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့များသို့ သွားသည့်လမ်းမများ၌ မတ် ၁၀ ရက်အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများကဆိုသည်။
“ ရွှေညောင်ပင် ခလရ ၃၂၁ ကနေ ထွက်လာတဲ့ စစ်ကြောင်းကို KIA ဘက်က ကြားဖြတ်ဝင်တိုက်တာကနေ တိုက်ပွဲဖြစ်နေတာ၊ မြစ်ကြီးနား မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေလည်း ပစ်ကူပေးတယ်၊ ရွာသားတချို့ထိတယ်ကြားပေမယ့် အတိအကျမသိရသေးဘူး” ဟု ဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၇ ရက်၊ မနက် ၆ နာရီမှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြု၍ တန်ပြန်ခုခံမှုများ လုပ်ဆောင်လျက်ရှိနေသည်။