ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာကို စစ်ကောင်စီက တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၁၁ ရက်၊ နံနက်ပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိမ်ညိုဒေသခံများထံက စုံစမ်းသိရှိရသည်။
“ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ မနက် ၁၀ နာရီလောက်က။ ရွာထဲမှာရှိတဲ့ တိမ်ညိုရဲစခန်းနောက်က အထက်တန်းကျောင်းနားမှာ ဗုံးသီးကျတယ်။ အိမ်တွေလည်း ထိခိုက်ပျက်စီးတယ်။ လူထိခိုက်တာတော့ မရှိဘူး” ဟု တိမ်ညိုဒေသခံတစ်ဦးကပြောသည်။
၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်တိုက်ပွဲများအတွင်း တိမ်ညိုကျေးရွာအတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်အထိ ပြုလုပ်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်မှုများရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“တိုက်ပွဲမရှိဘဲနဲ့ ဒီတိုင်းလာပြီး ဗုံးလာကြဲတာဟာ ပြည်သူလူထုကို ထိတ်လန့်စေအောင်၊ ကြောက်လန့်စေအောင် ကြမ်းတမ်းယုတ်မာတဲ့ အပြုအမူတွေကို မလုပ်စေချင်ဘူး။ စစ်ဘေးရှောင်တွေက စားဝတ်နေရေးတွေ အခက်အခဲဖြစ်နေလို့ ပူပန်နေရတဲ့အချိန်မှာတောင် ဒီလိုအကြမ်းဖက်နည်းလမ်းတွေ မလုပ်သင့်ပါဘူး” ဟု တိမ်ညိုစစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ မြောက်ဦးမြို့မရဲစခန်း၊ ခမရ ၃၇၇၊ ခမရ ၃၇၈၊ ခမရ ၅၄၀ တပ်ရင်းနှင့် အမှတ် ၃၁ ရဲတပ်ရင်းတို့က ရခိုင်တိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက် ပြိုကျပျက်စီးကာ ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးရခြင်း၊ ရှေးဟောင်းစေတီပုထိုးများ ကျည်ထိမှန်ခြင်းနှင့် မြောက်ဦးမြို့အား လျှပ်စစ်မီးပေးနေသော EPC ရုံး ပြိုကျပျက်ဆီးသွားသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသည်။