မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အတွင်း မယားငယ်အိမ်မှ ပြန်လာသော စစ်သား ကို PDF တို့က ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း Wandwin Township Revolution Force ကသတင်းထုတ်ပြန်သည်။
မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ဝမ်းတွင်းမြို့နယ်၊ကျင်းရွာနေ မယားငယ်ဖြစ်သူထံ မှ ပြန်လာသည့် မိတ္ထီလာအခြေစိုက် တပ်မ-၉၉ က စစ်သားတစ်ဦးကို ပင်းတလဲ-ဝမ်းတွင်းလမ်းပေါ်ရှိ ပြည့်ဝ စေတီအနီး၌ Wandwin Township Revolution Force တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူ့ကို ကျနော်တို့ သေချောစောင့်ကြည့်နေတာကြာပြီ။ဒီကောင်က မိတ္ထီလာမှာ မယားကြီးရှိတယ်။ကျင်းရွာက သူ့မယားငယ် မ—ဆီ ခဏခဏလာတယ်။ကျနော်တို့က သတင်းရလို့ မယားငယ်ဆီက အပြန် ရှေ့က နေ မျက်နှာချင်းဆိုင် ဆိုင်ကယ်မောင်းပြီး ပစ်တာ ၃ ချက်ကို ၂ ချက်ပဲထိတယ်။ဒီကောင့် ဆိုင်ကယ်က ကောင်းတော့ ချက်ကောင်းတော့ မထိလိုက်ဘူး။အဲ့ဒါနဲ့ ဆိုင်ကယ်ပြန်ကွေ့ပြီး နောက်ကနေ လိုက်ပစ်တာ ၂ ချက်ထပ်မှန်တယ်။မီတာ ၂၀၀လောက်အကွာမှာ ဆိုင်ကယ်လဲသွားတယ်။သေချာစစ်ဆေးကြည့်လိုက်တော့ သေသွားတယ်။သူ့ဆီက ဘာပစ္စည်းမှတော့ မရလိုက်ဘူး”ဟု Wandwin Township Revolution Force မှ ပြန်ကြားရေး တာဝန်ခံကပြောသည်။
မတ်လ၁၀ရက်၊ ည ၇ နာရီဝန်းကျင်တွင် မိတ္ထီလာမှ စစ်ကားများ ရောက်ရှိလာပြီး သေဆုံးစစ်သားနှင့်ဆိုင်ကယ်ကို လာသယ်သွားကြောင်း စစ်ကား ၃ စီးမှာ အခင်းဖြစ် နေရာ ဝန်းကျင်၌ အသင့်အနေအထားရှိနေပြီး ယနေ့(မတ်လ၁၁ရက်)နံနက်ခင်းထိ လမ်းတလျှောက်ကင်းပုန်းများချထားကြောင်းသိရသည်။
“ဒီကောင်က အရင် ကျင်းရွာမှာ တာဝန်ကျတဲ့ အရာရှိလို့လည်း ကြားတယ်ဗျ။တာဝန်ကျချိန် အဲ့က စော်နဲ့ ငြိသွားတာဖြစ်မယ်ဗျ။ ခွင့်ရတိုင်း လာလာတွေ့နေတာ။လာတိုင်း အရပ်ဝတ်ပဲ။ဆိုင်ကယ်ကလည်း Honda Shadow နဲ့ ။ဒီကောင့်ကို ပစ်ပြီးတော့ စစ်တပ်က မလာဘူး။သူတို့လူမဟုတ်ဘူး သတင်းတွေလွှင့်ပြီး အေးဆေးနေနေကြတာ။ ညနေ မှောင်လောက်မှ ထီလာ(မိတ္ထီလာ)ကနေ အလောင်းလာကောက်ကြတယ်။ဒီနေ့ မနက်ထိ ခြေရှုပ်နေကြတယ်။ကင်းပုန်းတွေလည်းချထားတယ်”ဟု ၎င်းကပြောသည်။
သေဆုံး စစ်သားသည် မိတ္ထီလာအခြေစိုက် တပ်မ-၉၉ မှ တပ်သား သန့်ဇင်ထွေး(ခ)ကိုထွေးဖြစ် ကြောင်းသိရပြီး ဒေသခံအချို့ကမူ အရာရှိဟု ဆိုကြသည်။
“ဝမ်းတွင်းမြို့ပေါ်မှာတော့ သိပ်ပြီး ထူးထူးခြားခြားမရှိပါဘူး။စစ်သား အပစ်ခံရတယ်လို့တော့ကြားတယ်။ကျမ တို့မြို့ပေါ်မှာမဟုတ်တော့ သိပ်ပြီးတော့ ပြဿနာမရှာဘူးလို့ပဲပြောရမလား။ခုဖြစ်တာက ဝမ်းတွင်း အနောက်ဘက်ခြမ်းမှာဖြစ်တာပါ” ဟု ဝမ်းတွင်းမြို့ခံ တစ်ဦး ကပြောသည်။
ပြည်သူများအနေဖြင့် တော်လှန်ရေးအသိ၊ သတိဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် Wandwin Township Revolution Force က မေတ္တာရပ်ခံထားသည်။