စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ အာဟာရချို့တဲ့မှုနှင့် ရာသီဥတုအခြေအနေကြောင့် လတ်တလော အဖျားရောဂါ ဖြစ်ပွားနေကြောင်းသိရသည်။
ယခုရက်ပိုင်းအတွင်း နေ့ခင်းဘက်တွင် အပူများပြီး ညဘက်၌ အအေးဓာတ်ကဲလာကာ အစာအာဟာရလည်း မပြည့်ဝသောကြောင့် ဖျားနာခြင်းနှင့် အားနည်းခြင်းတို့ဖြစ်ပွားနေကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့အဖွဲ့က သတင်းထုတ်ပြန်သည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သက်ကြီးရွယ်အို နာတာရှည်ရောဂါတွေနဲ့ကလေးတွေကို အဓိက ဦးစားပေးကုသပေးခဲ့တာပါ။ရောဂါအလိုက်တော့ စာရင်းတော့ ကျနော်တို့လည်းကောက်မထား လိုက်ရ ဘူး။တချို့ကျ အားနည်းနေကြတော့ အကြောဆေးသွင်းပေးရတာရှိတယ်။တချို့က စား သောက်ဖို့အတွက် နေပူထဲ ဟင်းစားရှာတော့ အပူရှပ်ပြီးဖျားကြသူတွေလည်းများတယ်။အစာအာ ဟာရလည်း ကောင်းကောင်းမစားကြရတော့ အားပြတ်နေတဲ့သူတွေလည်းများတယ်” ဟု ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဝက်လက်မြို့နယ်၊ ရှိမ်းမကား၊အင်ဒေါင်း၊သဲဘုတ်နှင့် ရွာသစ်ရွာတို့မှ စစ်ဘေးရှောင် ၂၀၀၀ ဝန်းကျင်တို့သည် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်အတွင်း နေအိမ်များမီးရှို့ခံထားရသဖြင့် နီးစပ်ရာတောတိုက်၊မြစ်ကမ်းဘေးနှင့်ဘုန်းကြီးကျောင်းတို့တွင် အဆင်ပြေသလို နေထိုင်နေကြရပြီး စားဝတ်နေရေးခက်ခဲနေခြင်းဖြစ်သည်။
“CDM ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုသပေးတာပါ။ကျနော်တို့က လိုအပ်တဲ့ဆေးဝါးပိုင်းကို ကူညီပေးတာပါ။ဆက်ကုသဖို့တော့ အများကြီးကျန်နေသေးတယ်။ကျနော်တို့မှာလည်းဆေးဝါးက ပြတ်တောက်နေပြီ။ခုတော့ ၂ ရက်ပဲကုသပေးပြီး ရပ်ထားရတယ်။၈ရက်နေ့က ၁၈၀ ကျော်၊၉ရက်နေ့က ၂၀၀ကျော် ကုသပေးခဲ့တာပါ။အဆင်ပြေရင်တော့ ထပ်ပြီးကုသပေးဦးမှာပါ” ဟု ၎င်းကပြောသည်။
စစ်ရှောင်တို့ အဓိကရင်ဆိုင်နေရသောပြဿနာမှာ စားစရာအခက်အခဲဖြစ်ပြီး ဖြစ်သလို ရင်ဆိုင်နေရ သဖြင့် နောက်ဆက်တွဲ ကျန်းမာရေးညံ့လာကြခြင်းဖြစ်ကြောင်း ဝက်လက်ဒေသခံတစ်ဦးကပြောသည်။
“ဖြစ်သလိုနေကြရတော့ ရေရှည်မှာမလွယ်ဘူး။နေအိမ်တွေမီးရှို့ခံရတော့ ရွာထဲစစ်ကြောင်းမရှိလို့ ပြန်ရင်တောင် နေစရာမရှိဘူးလေ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာတွင် အထိုင်ချတပ်စွဲထားပြီး စစ်ကြောင်းထိုးမှုမရှိကြောင်းသိရသည်။