လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သားကို ဆုငွေကျပ်သိန်း(၅၀)ချီးမြှင့်၍ လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း CDF(KKG)က ယနေ့(မတ်၉ရက်)တွင် သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံရဲတပ်သားတစ်ဦးသည့် လွန်ခဲ့သည့် မတ်လဆန်းပိုင်းကတည်းက CDF(KKG)ထံ ဆက်သွယ်အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအရ ယနေ့မှ သတင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု CDF(KKG)၏ ပြန်ကြားရေးတာဝန်ခံက MPAကိုပြောသည်။
“ သူ(အလင်းဝင်လာသည့်ရဲ)က နယ်မြေခံမဟုတ်တဲ့အခါကျတော့ ဘယ်သူ့ကိုဆက်သွယ်ပြီးတော့ ဘယ်လိုယုံကြည်မှုတည်ဆောက်ရမလဲ မသိဘူးပေါ့နော်။ သူတို့အတွက် အခက်အခဲဖြစ်တယ်ပေါ့။ နောက်ပိုင်း ကျတော်တို့ဘက်ကို CDMဝင်လာတဲ့သူတွေရှိလာတဲ့အတွက် သူတို့အမျိုးတွေကတဆင့်၊ သူငယ်ချင်းတွေကတဆင့် ချိတ်ဆက်ပြီးတော့ ကျတော်တို့ဆီကို အလင်းဝင်လာခြင်းဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။
အလင်းဝင်လာသည့် ရဲတပ်သား၏နာမည်နှင့် ကိုယ်ပိုင်အမှတ်များကို လုံခြုံရေးအရ သိရှိခွင့်မရခဲ့သော်လည်း ၎င်းနှင့်အတူ G3သေနတ်တစ်လက်၊ ကျည်ဘောက်၅ဘောက်နှင့် ကျည်ဆံ၃၃၀တောင့်တို့ ပါလာသည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ်နောက်ပိုင်း CDF(KKG)ထံသို့ အလင်းဝင်လာသည့် စစ်ကောင်စီ၊ ရဲတပ်သားနှင့် လက်အောက်ခံပျူစောထီးအဖွဲ့ဝင် (၁၀)ဦးခန့်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိ ကလေးမြို့နှင့် စစ်ကောင်စီအထိုင်ချ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဖေဖော်ဝါရီ(၂၁)ရက်နေ့မှစ၍ တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ဒေသခံအများအပြား ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရသည်။
“ မနက်က ထိုမာရွာထဲမှာတိုက်ပွဲဖြစ်တယ်။ စစ်တပ်က လေယာဥ်နဲ့လာပစ်ကူရတယ်။ အခုစစ်သားတွေက ထိုမာရွာမြောက်ပိုင်းကိုဆုတ်သွားပြီး အိမ်တွေကိုမီးရှို့နေတယ်” ဟု ကလေးမြို့တောင်ပိုင်းဒေသခံအမျိုးသမီးတစ်ဦးက MPAကိုပြောသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ရှုံးနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် အသက်အသေမခံဘဲ တော်လှန်ရေးအင်အားစုများထံ အမြန်ဆုံးအလင်းဝင်လာကြရန်နှင့် CDF(KKG)သည် အလင်းဝင်လာသည့်စစ်ကောင်စီတပ်သားများအား လုံခြုံရေး၊စားဝတ်နေရေးများကို တာဝန်ယူ၍ ကောင်းမွန်စွာလက်ခံကြိုဆိုလျက်ရှိကြောင်း ပြောကြားထားသည်။