တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် ခလရ- ၂၈၅တပ်ရင်းနှင့် တပ်စခန်း ၂ခုအား ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)က ဒရုန်းဖြင့် ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ပုလောအခြေစိုက် ခလရ -၂၈၅တပ်ရင်း၊ စစ်ကောင်စီတပ်၏ တစ်မိုင်တောင်စခန်းနှင့် ပုလောကုန်းစခန်းတို့ကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဒရုန်းဖြင့် ဗုံး ၆လုံးကြဲချခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ အခုလ၇ရက်နေ့မှာ ၂၈၅တပ်ရင်း၊ တစ်မိုင်တောင်နဲ့ ပုလောကုန်း တို့မှာ ဗုံးသီး ၃လုံးချတယ်ဗျ။ ၈ရက်နေ့မှာလည်း နောက်ထပ် ၃ လုံးထပ်သွားချတယ်။ထိခိုက်ဒဏ်ရာရမှုတော့ ရှိတယ်။သေဆုံး စာရင်းကတော့ အတည်မပြုနိုင်ဘူး။ဒါပေမယ့် ၈ရက်နေ့က ဒရုန်းနဲ့ ဗုံးသီးတစ်လုံးချပြီးတဲ့နောက်မှာ ၂၈၅တပ်ရင်းထဲ လူနာတင်ကားတွေ ဝင်သွားတာရှိတယ်” ဟု ၎င်းက ပြောသည်။
ယနေ့(မတ်လ၉ရက်)နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးယူနေသည့် ပုလောPDFတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း – ၁၊ပုလောPDF၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။
“ ကျွန်တော်တို့ တပ်ဖွဲ့တွေ လမ်းမှာ လုံခြုံရေးယူနေတုန်း ရန်သူ့ဘက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရဲဘော် တစ်ဦး ကျဆုံးခဲ့တာပါ။လက်နက်ကြီးက ဘယ်ကပစ်လဲဆိုတာ သတင်းမရောက်သေးလို့ မသိရသေးဘူး။လက်နက်ကြီးကျတာကတော့ ၄ မိုင်ဘက်ကို ကျတာပါ” ဟု ၎င်းက ပြောသည်။
ကျဆုံးရဲဘော်၏အမည်နှင့် ရာထူးကို မကြာမီထုတ်ပြန်ပေးမည်ဟု မြိတ်ခရိုင်တပ်ရင်း – ၁ ကဆိုသည်။
“ မနက်က လက်နက်ကြီးအသံ ၃ချက်ကြားတယ်။ပစ်တာကတော့ ၄ မိုင်ရွာဘက်ကို ပစ်တာပါ။ပြည်သူထိခိုက်မှုတော့မရှိဘူး။ကားလမ်းတွေတော့ ပြန်ဖွင့်နေပါပြီ။၂၈၅တပ်ရင်းရှေ့မှာ ပြည်သူတွေ ဖြတ်သန်းသွားလာလို့ရတဲ့အခြေအနေပါ။အခုလည်း ဖြတ်နေကြပါတယ်” ဟု ပုလောမြို့နယ်၊လက္ကူးရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ပုလောPDF တပ်ဖွဲ့သည်မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲကာ စစ်ရေးအရှိန် ကို မြှင့်တင်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအသိရှိကာ ဗုံးခိုကျင်းများစနစ်တကျ တူးထားကြရန်အကြံပြုကြောင်းဆိုသည်။