ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲ ၁၃ဦးသည် ယမန်နေ့(မတ် ၈ရက်)၊ ညနက်ပိုင်း၌ KIA ထံ အလင်းဝင်ရောက်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
“ မနေ့ညက မြို့နယ်ရဲစခန်းက ရဲတွေချည်း အလင်းဝင်းလာတာ၊ အဓိက လက်နက်ချလိုက်တာပေါ့” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။
ထို့ပြင် ဆွမ်ပရာဘွမ်မြို့၊ မလိယန်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခလရ ၄၆ လက်အောက်ခံ တပ်စခန်းတစ်ခုကိုလည်း KIA သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
“ မနေ့ညကတည်းက မလိယန်ရွာနားက တပ်စခန်းတွေကို ဝင်တိုက်တာပါ၊ စခန်းတစ်ခုကိုသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ဘက်က သေဆုံး၊ ထိခိုက်မှုတော့ အတိအကျ မသိရသေးဘူး “ ၎င်းက ပြောသည်။
ယခုကဲ့သို့ ဆွမ်ပရာဘွမ်မြို့အနီး တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဒေသခံပြည်သူများသည် မြစ်ကြီးနား၊ ပူတာအိုနှင့် နီးစပ်ရာမြို့များသို့ တိမ်းရှောင်နေရကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
တိုက်ပွဲအခြေအနေများကြောင့် ယနေ့ (မတ် ၉ ရက်)၊ မနက်ပိုင်းမှ စတင်ကာ မြစ်ကြီးနား – ပူတာအို၊ ပူတာအို – ဆွမ်ပရာဘွမ် လမ်းပိုင်းကို စစ်ကောင်စီနှင့် KIA နှစ်ဘက်တပ်ဖွဲ့များမှ သွားလာခွင့် ယာယီပိတ်ထားကြောင်း ကားဂိတ်များနှင့် နီးစပ်သည့် မြစ်ကြီးနားဒေသခံတစ်ဦးက ရှင်းပြသည်။
“ ကြားတာက ဒီမနက်ကနေစပြီး လမ်းသွားလာခွင့်ကို ပိတ်လိုက်တာ၊ ဘယ်နှစ်ရက်ပိတ်မလဲဆိုတာတော့ အတိအကျမသိဘူး။ အခုလည်း စစ်ရေးက အရမ်းပြင်းထန်လာဖို့ပဲ ရှိတယ်လေ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ လိုင်ဇာမြို့နှင့် အနီးတဝိုက်ရှိ မြစ်ကြီးနား – ဗန်းမော် နှင့် ဝိုင်းမော် – လိုင်ဇာလမ်ပိုင်း၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်နှင့် မိုးမောက်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၂၀ ထက်မနည်း သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။