ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို ရှေ့တိုက်ဒုံးနှင့် ပစ်ခတ်ခံရပြီးနောက် ပိတ်လိုက်ကြောင်း သိရသည်။
ယနေ့(မတ်လ၉ရက်)နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်ကို ကေအိုင်အေက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် လေကြောင်းခရီးစဉ်များကို ယာယီရပ်လိုက်ခြင်းဖြစ်ကြောင်း လေယာဥ်လက်မှတ်အရောင်းဋ္ဌာနထံကသိရသည်။
“ မြစ်ကြီးနားလေဆိပ်ဘက်က ပိတ်ထားတာ ဆိုတော့ ရက်အတိအကျမသိရသေးဘူး။ ဒီနေ့မန္တလေး -မြစ်ကြီးနား၊မြစ်ကြီးနား-မန္တလေး ခရီးစဥ်အားလုံးတော့ Cancel ဖြစ်သွားတယ်။ငွေတွေအားလုံးပြန်အမ်းပေးမှာပါ” ဟု လေယာဥ်လက်မှတ်အရောင်းဋ္ဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့နံနက်တွင် မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ် နှင့် စစ်ဆေးရုံကြား သို့ လက်နက်ကြီးကျရောက်ခဲ့ရာ အနီးဝန်းကျင်ရှိအိမ်များပါ တုန်ခါသွားပြီး လေဆိပ်ထဲက ရဟတ်ယာဥ်တစ်စီးနဲ့လေယာဥ်တစ်စီး ထိမှန်ခဲ့ကြောင်း မြစ်ကြီးနားမြို့ပေါ်၌ သတင်းထွက်ပေါ်ခဲ့သည်။
လေဆိပ်အတွင်းရှိ လေယာဉ်များ ထိခိုက်မှု ရှိ၊မရှိကိုမူ MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
“ ကားလမ်းကလည်းမြစ်ကြီးနားကနေမိုးညှင်း၊ မိုးကောင်းဘက်ပဲ ထွက်လို့ရတော့တာ။ ဝိုင်းမော်ဘက်လည်းလမ်းပိတ်၊ ပူတာအိုဘက်လည်းလမ်းပိတ်တယ်။ သူတို့လေယာဥ်တွေလည်း ထိသွားတာသေချာတယ်ထင်တယ် “ ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။
မတ်လ ၈ရက်နေ့ ညပိုင်းက မြစ်ကြီးနားမြို့ပြင်၌ လက်နက်ကြီး ပစ်ခတ်သံများကြားခဲ့ရပြီး မြို့တွင်းအခြေအနေမှာမူ ငြိမ်နေဆဲ ဖြစ်ကြောင်း သိရ သည်။
“ လေယာဥ်ကတော့ဒီနေ့(မတ်လ၉ရက်)အဝင်ရော အထွက်ရော ပိတ်တယ်။ မြို့ထဲမှာတော့ဘာမှ မဖြစ် သေးပါဘူး။ မြို့ပြင်မှာတော့ အသံတွေကြားနေရပြီ” ဟု၎င်းကပြောသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဗန်းမော်လေဆိပ်မှာ မတ်လ ၇ရက်နေ့က ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံခဲ့ရပြီး လေယာဥ်ပြေးလမ်းပျက်စီးကာ လေယာဥ်ခရီးစဥ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။