NLD အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သည့် မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံ ရှိ ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ကျောက်တိုင်အား စစ်ကောင်စီ တပ်သားများက ဖျက်ဆီးပစ်လိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားခံရပြီး စစ်ကောင်စီ ပေါ်တာဆွဲမည့် ဘေးကြောင့် လူသွားလူလာ မရှိတော့ချိန် ယမန်နေ့ (မတ် ၈ရက်)၊ ည ၁၁ နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲများက ယင်းသို့လာရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာပမြို့ခံတစ်ဦးက ပြောသည်။
“ မနေ့ည ၁၁ နာရီလောက်က လာဖျက်တာလို့ အဲ့ဒီနားက သူတွေပြောတယ်။ ကန်သာယာပန်းခြံက ဘေးပတ်လည် ရှော့ပင်းမောတွေရော စျေးဆိုင်တွေရောနဲ့ လူစည်တယ်။ ဒါပေမယ့် ည၉နာရီလောက်ဆို ဘယ်သူမှမရှိတော့ဘူး။ လူတွေမရှိတုန်း လာခိုးဖျက်သွားတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။
ယင်းသို့ ဖျက်ဆီးခံရသဖြင့် ၈၈၈၈ အထိမ်းအမှတ်ကျောက်တိုင်၏ အောက်ခြေ အုတ်အနည်းငယ်သာ ကျန်ခဲ့ကြောင်း သိရသည်။
“ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များက ယမန်နေ့ညပိုင်းမှာ လာရောက်ဖျက်စီးခဲ့ခြင်းဖြစ်ပြီးယခုအခါ အထိမ်းအမှတ်ကျောက်တိုင်မှာ အလုံးစုံပျက်စီးသွားကြောင်း၊ အောက်ခြေပိုင်းအနည်းငယ်သာကျန်ရှိတော့ကြောင်းသိရပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါ အထိမ်းအမှတ်ကျောက်တိုင် နေရာအား မဝင်ရသတ်မှတ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲများက စောင့်ကြပ်နေသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
“ အဲ့ဒီနားမှာ ရဲတွေစောင့်နေတယ်။ မဝင်ရလို့လည်း ကပ်ထားတယ်” ဟု ၎င်းက ပြောသည်။
၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၈ခု နှစ် သြဂုတ်လတွင် NLD အစိုးရက ကန်သာယာပန်းခြံ၌ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပေးခဲ့ပြီး ၈၈၈၈ အထိမ်းအမှတ် ပွဲများ ပြုလုပ်ခဲ့ရာ နေရာတစ်ခုဖြစ်သည်။
၂၀၂၁ခု နှစ် စစ်အာဏာသိမ်းပြီး လူထုဆန္ဒပြပွဲများ အားကောင်းချိန်ကလည်း အဆိုပါနေရာ၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ဖူးပြီး မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း စတင်ကြေညာခဲ့ရာ နေရာလည်းဖြစ်သည်။