စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ပြည်သူ ၄၀ကျော်ကို ဖမ်းဆီးထားသဖြင့် ပြန်လွှတ်ပေးရန် ဒေသခံအချို့ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
မတ်လ ၈ရက်၊မွန်းလွဲ ၁နာရီမှ ညနေ ၄နာရီခန့် အထိ ဆားလင်းကြီးမြို့နယ်၊ ဘောဂ၊ လက်ပံကျွန်း၊ ဆားထုံးနှင့် တောကျောင်းရွာတို့မှ ဒေသခံပြည်သူ ၂၀၀ကျော်တို့က ဖမ်းဆီးခံထားရသည့် ပြည်သူများကို ပြန်လွှတ်ပေးရန် မြို့နယ်ပလဖ အား ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်၊ ရပ်ကျေးပကဖတာဝန်ခံတစ်ဦးကပြောသည်။
မတ်လ ၅ရက်နေ့က ဆားလင်းကြီးမြို့အထွက် စက်မှု -၁ ချည်မျှင်စက်ရုံမှ သံတိုသံစများကို ဆားထုံးရွာမှ ဒေသခံများက သွားရောက်ယူစဉ် ပလဖ၏ ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း ၎င်းကပြောသည်။
“ အစပိုင်းတုန်းက ချည်မျှင်စက်က အကုန်လုံးက CDM လုပ်တာရော ဘာတွေရောဆိုတော့ စက်ရုံကြီးက မလည်ပတ်နိုင်တော့ဘူး။ မလည်ပတ်နိုင်တော့ စစ်တပ်ကတပ်စွဲထားတာ။ ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့ ၁ခါ၊ ၂ခါဖြစ်ပြီးတော့ အင်အား နည်းသွားလို့လားမသိဘူး။ အဲ့နေရာကို ဖြုတ်ပြီး ဆားလင်းကြီးမြို့ထဲသွားပေါင်းတယ်။ အဲ့အချိန်မှာ ပလဖတို့က ကြေးတွေ တော်တော်များများကို ယူတာ။ တချို့အဖွဲ့အစည်းတွေကလည်း မကျေနပ်ကြဘူး။ အဲ့မှာ အဲ့ဂိတ်ကို မိုင်းခွဲတာတို့ ဘာတို့လုပ်ပစ်တယ်။ အဲ့တော့ အတွင်းထဲမှာ အတိုအစတွေချည်းပဲကျန်တော့တာပေါ့ ဗျာ။ ကြီးကြီးမားမား ဘာမှမရှိတော့တဲ့အချိန်မှာ ပြည်သူတွေက သံတိုသံစဝင်ကောက်သလို ဝင်ယူ ကြ တာ။ အဲ့အချိန်မှာ ပလဖကဖမ်းတာ” ဟု ၎င်းကပြောသည်။
ဆားလင်းကြီးမြို့နယ်အတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည့် ပြည်သူတို့သည် စားဝတ်နေ ရေး ခက်ခဲ လာသဖြင့် စက်ရုံထဲရှိ သံတိုသံစနှင့် အခြားစက်ပစ္စည်းများကို ရောင်းချရန် သွားကောက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ပြည်သူတွေ အဲလိုလုပ်တတ်ဖို့ သူတို့ကအရင်ရှေ့က လုပ်ပြတာလေ။ အခုလည်း အဲဒီစက်ရုံထဲမှာ သူတို့ယူပြီးသားအကျန်တွေကို သွားယူတာကို ဖမ်းတယ်။ ပြန်လည်းမလွှတ်ပေးဘူး။ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ကျမတို့ပြည်သူတွေက သူတို့ကို ၃ နှစ်ကျော်တဲ့အထိ လက်နက်တွေဝယ်ဖို့ထောက်ပံ့ပေးခဲ့ တယ်။ အခုကျမတို့တွေ လုံးဝကိုငတ်ပြတ်နေလို့ သူတို့ယူပြီးသား အကျန်တွေကို သွားယူတာကိုဖမ်း တယ်။ သူတို့က စစ်တပ်ထက်တောင် ဆိုးနေပြီလို့ ခံစားရတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံထားရသည့် ပြည်သူများကို မိသားစုဝင်များက တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မပေးကြောင်း၊ မည့်သည့်ဥပဒေ ၊မည်သည့်ပုံစံဖြင့် အချုပ်ချထားသည်ကို မသိရှိရကြောင်း ဆန္ဒပြ အမျိုးသားတစ်ဦးကပြောသည်။
“ အချုပ်ချထားတဲ့ ကလေးတွေ၊ လူကြီးတွေကို ဘယ်လိုဥပဒေနဲ့ ဘယ်လိုပုံစံနဲ့အချုပ်ချထားသလဲ။ ဘယ်နှစ်ရက်လဲ သိချင်တာတစ်ခု။ နောက်ပြီးကျတော့ ထမင်းပို့ချင်တာတစ်ခု။ တွေ့ခွင့်လေးတောင်း တာ တစ်ခု။ အဲ့ဒါကို သူတို့က ဖြည့်ဆည်းမပေးနိုင်ဘူး။ အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ မနေ့က ဆန္ဒပြခဲ့ တယ်။ ပလဖနဲ့ တရားရေးကိုမကြိုက်လို့ အလိုမရှိကြောင်းပဲ ကြွေးကြော်ခဲ့တယ်” ဟု ၎င်းကပြော သည်။
တရားရေးအဖွဲ့အိမ်ရှေ့သို့ ဆန္ဒသွားပြစဉ် အိမ်ထဲမှနေ၍ ဆန္ဒပြ ပြည်သူများကို လေးခွနှင့်ပစ်ခတ်ခဲ့ ကြောင်း ယနေ့ (မတ်လ ၉ရက်) နံနက် ၉နာရီဝန်းကျင်တွင်လည်း ဆားလင်းကြီးမြို့နယ်ပလဖအဖွဲ့ ဝင် ၂၀ခန့်သည် လက်နက်အပြည့်အစုံဖြင့် ဆားထုံးကျေးရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး အမျိုးသမီးတစ်ဦးအား လာရောက်ဖမ်းဆီး စဉ် ရွာခံများနှင့် စကားအချေအတင်ဖြစ်ကာ ၁၂နှစ်အရွယ်ကလေးတစ်ဦး၊ ၁၈နှစ်အရွယ်တစ်ဦးနှင့် ဖမ်းဆီးမည့် အမျိုးသမီးတို့ကို သေနတ်ဒင်ဖြင့် ရိုက်နှက်ကြောင်း ၎င်းကဆက်ပြောသည်။
” သေနတ်ကို ဘောက်လိုက်ဆွဲပြီးဝင်တာ။အဲ့မိန်းကလေး ယောကျာ်းကလည်း အချုပ်ထဲမှာကျနေတာ။ ယောကျာ်းမရှိတဲ့အချိန်မှာ သူတို့က ဝင်ဆွဲတယ်။ ဝင်ဆွဲတာ ပြည်သူတွေကသိတော့ အဆွဲမခံနိုင်ဘူး ။သူ့မှာ ယောကျာ်းကလည်းအချုပ်ထဲကျနေတာ ဘာညာဆိုပြီးပြောတာကို သူတို့ကအတင်းဆွဲတယ်။ ပြည်သူတွေကလည်းဆွဲတယ်။ အဲ့မှာ ပလဖအဖွဲ့အစည်းထဲကတစ်ယောက်က ဒင်နဲ့ရိုက်တယ်။ သေနတ်နဲ့လည်း အိမ်တွေကိုဖောက်သွားတယ်” ဟု ၎င်းကပြောသည်။
ယင်း ပလဖအဖွဲ့ဝင်များကို ရွာသားတို့က ဆားထုံရွာအဝင်၌ ပိတ်ဆို့ ဝိုင်းထားကြပြီး ဖမ်းထားသည့်ပြည်သူများနှင့် အလဲအလှယ်လုပ်မည်ဟု ပြောထားကြောင်း ယနေ့မွန်းလွဲ ၃နာရီ ၁၅မိနစ်အထိ ပလဖ တာဝန်ရှိသူတို့ မလာသေးသဖြင့် ဒေသခံတို့က စောင့်နေကြကြောင်း သိရသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ်ပလဖအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ ကျနော် အဲ့ဒါမသိဘူးနော်။ ကျနော် တခြားနေရာရောက်နေလို့ဗျ” ဟု ပြန်လည်ဖြေကြားသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက ဆားလင်းကြီးမြို့နယ်ပလဖကို မကြိုက်သည့်အတွက် ဒေသခံပြည်သူများက ပလဖ အသစ်ပြောင်းပေးရန်ဆန္ဒပြ တောင်းဆိုခဲ့ကြသော်လည်း ယနေ့အထိ မပြောင်းလဲပေးသေးကြောင်း ဒေသခံများထံက သိရသည်။