ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရေကျော်အုပ်စု၊ ဗောဓိကုန်းကျေးရွာတွင် မေ ၄ ရက်၊ ညနေ ၆ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့ပြီး သစ်ပင်လဲကျရာမှ အသက်တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦး သစ်ပင်ပိပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လေတိုက်နူန်းပြင်းထန်လာပြီး မိုးရွာသွန်းလာသဖြင့် မိခင်ဖြစ်သူက နေအိမ်မှာ မိုးမလုံသောကြောင့် အသက် ၁၂ နှစ်အရွယ်မနှင်းဝေခိုင်နှင့်အတူ အသက်တစ်နှစ်ကျော်အရွယ်မအေမီမီကိုတို့ ညီမနှစ်ဦးအား ၎င်းတို့၏အဖွားအိမ်တွင် မိုးခိုရန်လွှတ်လိုက်စဉ် သစ်ပင်လဲကျခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
“ကလေးတွေလည်း အိမ်ထဲကအထွက် သူတို့ခြံထဲက လဲအပင်အခြောက်(ပင်သေ)က လဲကျလာတာ၊ အဲဒီမှာ အငယ်မလေး(မအေမီမီကို) ခေါင်းကို သစ်ကိုင်းရိုက်မိသွားတာ၊ နေရာမှာပွဲချင်းပြီးသေသွားတယ်၊ အကြီးမလေးကတော့ လက်ကျိုးသွားတယ်၊ ခုသာယာဝတီဆေးရုံမှာ ဆေးကုနေရတယ်”ဟု ၎င်းက MPA ကိုပြောသည်။
ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရေကျော်ကျေးရွာတွင်နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“ အိမ်တွေလည်း သွပ်တွေလန်တာနဲ့၊ ခေါင်းမိုးတွေ၊ ထရံတွေပွင့်ထွက်ကုန်တာနဲ့၊ အစ်မတို့ရွာတင်မဟုတ်ဘူး၊ ရွာတော်တော်များများအဲဒီလိုဖြစ်သွားတယ်၊ သစ်ပင်တွေလည်းလဲကျတယ်၊ အခုနှစ် မိုးကလည်း တစ်ခါမှမရွာသေးဘူးလေ”ဟု ၎င်းက ရှင်းပြသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိ မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်များပျက်ဆီးခြင်း၊ မိုးကြိုးပစ်၍ လူနှင့်တိရစ္ဆာန်များသေဆုံးခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။