မွန်ပြည်နယ်၊ ချောင်းဆုံတွင် အိမ်ဆောက်နေသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ခြိမ်းခြောက်ငွေ ညှစ်နေကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၊ သက္ကော၊ဘိုးနက်၊မုဒွန်း၊ဒေါင်းဥ စသည့်ကျေးရွာများအတွင်း အိမ်ဆောက်နေသော ပြည်သူများကို ဥယျာဉ်ခြံနှင့် ရော်ဘာခြံထဲတွင် ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းကိုယ်တိုင် သွားရောက်တားဆီးကာ ဆောက်လုပ်နေသည့် အိမ် အကြီး၊အသေး အလိုက် ကျပ်သိန်း ၃၀မှ သိန်း၅၀ အထိ ငွေညှစ်နေခြင်း ဖြစ်ကြောင်း ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးထံက သိရသည်။
“အိမ်ဆောက်နေတဲ့သူတွေကို ဇော်နိုင်ဝင်းကိုယ်တိုင် သွားတားတယ်။အိမ်ဆောက်နေတာ တရားမ ဝင်ဘူးဆိုပြီး ရက်၂၀၊တစ်လ ရပ်ခိုင်းလိုက်တယ်။ပြီးတော့မှ အဲဒီရွာက အုပ်ကြီးနဲ့ အိမ်ပိုင်ရှင်နဲ့ကို ခေါ် တွေ့တယ်။ မျိုးဝင်း(ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်)ဆီ သွားညှိဆိုပြီး လွှတ်လိုက်တယ်” ဟု ချောင်းဆုံမြို့အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။
မျိုးဝင်းမှာ ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌလည်း ဖြစ်ပြီး စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီး ချုပ် အောင်ကြည်သိန်း၏ တပည့်ဖြစ်ကာ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းနှင့်ပေါင်း ကာ ပြည်သူများအား ဒုက္ခပေးနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
“အိမ်ဆောက်ခွင့်ပိတ်တယ်ဆိုပြီး တစ်လလောက်ပိတ်လိုက်တော့ ဆောက်လက်စ တန်းလန်းနဲ့ အကုန် ဘာလုပ်ရမှန်းမသိဖြစ်ကုန်ရော။အချိန်တွေကုန်၊ အိမ်ဆောက်နေတဲ့ကန်ထရိုက်နဲ့လည်း စ ကားပြောရနဲ့။ပြီးတော့မှ ငွေညှစ်တာ” ဟု ၎င်းကပြောသည်။
၂၀၂၃ခုနှစ် ပွင့်လင်းရာသီမှ ယခုအထိ ဇော်နိုင်ဝင်းနှင့်အဖွဲ့၏ ငွေညှစ်ခြင်းခံရသည်မှာ ဆောက်လုပ်ဆဲ အိမ် အလုံး၃၀ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ဆီက ထိုင်းမှာ အလုပ်လုပ်နေတဲ့သူတွေက ပွင့်လင်းရာသီဆို အိမ်ပြန်ဆောက်လေ့ရှိ တယ်။အခုနောက်ပိုင်းက ကားလမ်းမဘေး ခြံတွေကို ဝယ်ပြီး လူနေအိမ်ဆောက်တာ။ အဲဒါကို ဇော်နိုင်ဝင်းတို့ဂိုဏ်းက တရားမဝင်ဘူး၊ဖမ်းမယ်၊ဖျက်မယ်ပေါ့။ခြိမ်းခြောက်ပြီး ငွေလိုက်ညှစ် တာ” ဟု ချောင်းဆုံရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၂၀၂၃ခုနှစ် ပွင့်လင်းရာသီရောက်မှသာ အိမ်ဆောက်နေသူများကို စတင်ငွေညှစ်ခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့အရှေ့ပိုင်းရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
“ကျတော်တို့ ချောင်းဆုံကြံ့ဖွတ်(ပြည်ခိုင်ဖြိုး)တွေက လမ်းကြောင်းပေးတာပေါ့။ဒီလို စားဂွင်ရှိ တယ်ဆိုပြီးတော့။၂၀၂၂တုန်းက ဒီဂွင်ကို ဇော်နိုင်ဝင်းမသိလို့ မလုပ်လိုက်ရဘူး။အခု ၂၀၂၃ကျမှ စ ဂွင်ဖန်တာ။ကြံ့ဖွတ်တွေက အရိုးအရင်းတော့ ကိုက်ရမှာပေါ့” ဟု ၎င်းကပြောသည်။
ချောင်းဆုံမြို့ပေါ် ရပ်ကွက်၃ခုတွင်ပင် ဂရန်မြေ အမည်ပေါက် အနည်းငယ်သာရှိပြီး ချောင်းဆုံတစ် မြို့နယ်လုံးမှာ လယ်မြေနှင့် ဥယျဉ်ခြံမြေ များသာဖြစ်ကြောင်း သိရသည်။