ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင်း လေးရက်အတွင်း ပြည်သူ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၄ရက်၊ ညနေ ၃နာရီခန့်တွင် ဆိုင်းတောင်ကျေးရွာအတွင်းသို့ ဖားကန့်မြို့၊ ဗျူဟာကုန်းမှ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည် ငါးလုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ ကလေးနှစ်ယောက်က မစိုးရိမ်ရဘူး။ အမျိုးသားတစ်ယောက်ကတော့ စိုးရိမ်ရလို့ ဖားကန့်ဆေးရုံကြီးကို ပို့ထားတယ်။ လက်နက်ကြီးက ၅ လုံးလောက်ကျတာ၊ ကျောက်စိမ်းလုပ်ကွက်တစ်ခုထဲကို တစ်လုံး၊ ဘွမ်ဘရာကုန်းမှာက သုံးလုံး၊ ဘော်ဒါဆောင်နားကိုလည်း ကျတယ်တဲ့၊ လူနေအိမ်တွေကြားထဲကို ပစ်ထည့်နေတာ” ဟု ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ မေ ၁ ရက်တွင်လည်း ဆိုင်းတောင်ကျေးရွာ၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန် ပစ်ခက်မှု ဖြစ်ပွားခဲ့ရာ၊ ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
“ စမ်းသီတာကုန်းက အိမ်တစ်အိမ်ပေါ်ကို လက်နက်ကြီးကျတာ၊ အမျိုးသမီးနှစ်ယောက် ထိသွားတယ်။ ဧပြီ ၃၀ ရက်တုန်းက ဒုရဲအုပ်အဖမ်းခံရပြီးတဲ့နောက် လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်၊ ကားတွေနဲ့ ဖုန်းတွေကို စစ်ဆေးတာတွေလုပ်တာ” ဟု ဆိုင်းတောင်ကျေးရွာ၌ နေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။
“ တာမခန်၊ ဝှေခါနဲ့ နန့်တိန်တကြောက စစ်ကောင်စီတပ်စခန်းတွေက ဘာမှမကျန်တော့ဘူးလေ၊ ဖားကန့်ဗျူဟာကုန်းကလည်း ပစ်ခတ်နေတော့ ရှောင်တဲ့သူတွေက ရှောင်ကြပြီ၊ ဖားကန့်ပဲ ကျန်တော့တာ” ဟု ဖားကန့်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်၌ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး၊ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။