NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တည်ထောင်ခြင်း သုံးနှစ်ပြည့်ကာလအတွင်း စစ်ကောင်စီ၏ အင်အား သုံးပုံ နှစ်ပုံခန့် ပြုန်းတီးခဲ့ပြီး စစ်မှုထမ်းဥပဒေက အင်အားချိနဲ့မှုကို ဖော်ပြနေသည့်အပြင် စစ်တပ်၏ ထိပ်ပိုင်းအရာရှိများ မကြာခဏ အပြောင်းအလဲ လုပ်နေခြင်းသည် စစ်ရေးအရေးနိမ့်မှုနှင့် ကွပ်ကဲမှုဖရိုဖရဲ ဖြစ်နေခြင်းကို ထင်ရှားစေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူသို့ တင်ပြသည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ မေ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သုံးနှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
” စစ်တပ်က အရင်တုန်းက ကျဆုံးတယ်ဆိုတဲ့နေရာမှာ အောက်ခြေစစ်သားတွေပဲ ကျဆုံးတာများတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း စစ်ဆင်ရေးတွေကို လေ့လာကြည့်တဲ့အခါမှာ အထက်အရာရှိတွေပါ ကျဆုံးတာတွေ၊ ထွက်ပြေးတာတွေ အများကြီးတွေ့လာရတယ်။ အဲ့ဒီအတွက်ကြောင့် စစ်တပ်က တော်တော်လေးကို အင်အားချိနဲ့လာတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်လည်းပဲ အဓမ္မစစ်သားစုဆောင်းရေးဟာကို လုပ်သလို အရန်တပ်ဖွဲ့ဆိုပြီး သက်ကြီးရွယ်အိုတွေကိုပါ တပ်ထဲကို ခေါ်သွင်းတာတွေ အတင်းအကျပ်လုပ်နေတာဟာ စစ်တပ်ရဲ့အင်အားပြုန်းတီးမှုကို ပြနေတာလို့ ပြောလို့ရတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က MPA ကိုပြောသည်။
လတ်တလော စစ်ဆင်ရေးများတွင်လည်းစစ်ကောင်စီ၏စစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက်ကြီး/ငယ် မြောက်များစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့လက်နက်၊ ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းသည် အရေးကြီးသော စစ်ရေးတိုးတက် အောင်မြင်မှုဖြစ်ကြောင်း ယင်းအစီအရင်ခံစာထဲတွင် ရေးသားဖော်ပြထားသည်။
” ဒီ ၃၆ လအတွင်း ပြည်သူ့ခုခံစစ်မှာ PDF တပ်မတော်နဲ့ ဒေသဆိုင်ရာပြောက်ကျားရဲခေါင်တွေဟာ ရန်သူစကစအင်အားငါးသောင်းကျော်ကို ချေမှုန်းနိုင်ခဲ့တယ်။ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ စစ်တပ်ဟာ သူတိုက်ခိုက်ရေးစွမ်းရည်ကို အမှန်သိသွာခဲ့တယ်။ စစ်ရှုံးတာကိုလက်ခံတဲ့အတွက် စစ်မှုတမ်းဥပဒေကိုပြဌာန်းပြီး လူသစ်စုဆောင်းရတာဖြစ်တယ်။ ထပ်မံဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ လူသစ်တန်းအရာရှိတွေထဲက အမာစားအဆင့်တွေကို ဆွဲထုတ်လာတာတွေ့ရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနတာဝန်ခံဦးထွန်းထွန်းက ဆိုသည်။
ယခုအချိန်တွင် ပြည်သူ့တော်လှန်ရေးအဖွဲ့များအနေဖြင့် ပြောက်ကျားစစ်မှ တဆင့်
တက်၍ လှုပ်ရှားထိုးစစ်များဆင်နွှဲကာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာနိုင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
” သုံးနှစ်အတွင်း ကျွန်တော်တို့ စစ်ဆင်ရေးတွေကြောင့် စကစ သေဆုံးမှုက ခန့်မှန်း ၄၀၀ နီးပါးအထိရှိနိုင်ပါတယ်၊။ ဒီနောက်ပိုင်း စခန်းသိမ်းပွဲတွေအပါပေါ့နော်။ စစ်ဆင်ရေးအားလုံးဟာ KNLA နဲ့ အခြား PDF ပူးပေါင်းစစ်ကြောင်းတွေနဲ့အတူ ဆောင်ရွက်ခဲ့တာပါ။ နယ်မြေထိမ်းချုပ်ထားနိုင်မှုက တပ်ဖွဲ့အနေနဲ့သီးသန့်ပြောလို့တော့မရပါဘူး” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။
သုံးနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများက စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် စစ်ရေး ယန္တရားများကို ဒေသအလိုက်ရှင်းလင်းနိုင်ခဲ့ရုံမက စစ်ကောင်စီတပ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း အားနည်းပျော့ညံ့မှုကို ဖုံးဖိမရ ဖြစ်စေခဲ့ကြောင်း သိရသည်။
“ PDF တပ်ရင်း/တပ်ဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုတွေဟာ လေးစားလောက်ပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထိုးဖောက်ပြီး သုံးနှစ်အထိ ခရီးဆက်နိုင်တာဟာ ခိုင်မာတဲ့ စိတ်ဓါတ်တွေကြောင်မို့ ဂုဏ်ပြုထိုက်ပါတယ်။ ကျဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းဖြစ်ခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ PDF တပ်မတော်ရယ်လို့ အောင်လံလွှင့်ထူနိုင်နေတာဟာ သူတို့ရဲ့ပေးဆပ်မှုတွေကြောင့်ပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနတာဝန်ခံဦးထွန်းထွန်းက ရဲဘော်များအား ဂုဏ်ပြုစကားဆိုသည်။
ထို့အပြင် နဂါးနီစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး ကိုဟိန်းကလည်း ” ဒီနွေဦးတော်လှန်ရေးမှာ တိုက်ပွဲတွေထဲမှာပဲဖြစ်ဖြစ်၊ တစ်ခုခု accident ကြောင့်ပဲဖြစ်ဖြစ် ကျဆုံးသွားတဲ့ (သို့) ကိုယ်လက်အင်္ဂါပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေအားလုံးကို ဂုဏ်ယူစွာနဲ့ အလေးပြုပါတယ်ဗျ” ဟု ဂုဏ်ပြုစကားထပ်မံဆိုသည်။
ယခုနွေဦးတော်လှန်ရေးတွင် နိုင်ငံရေးနှင့်စစ်ရေး ဟန်ချက်ညီရေးအတွက် လုပ်ဆောင်ချက်များကို ဥာဏ်အမြော်အမြင်ရှိရှိ ဖြည့်ဆည်း၊ ဖြေရှင်း၊ ဆောင်ရွက်ခြင်းအားဖြင့် တော်လှန်ရေး၏ အရှိန်နှင့်အလျင်ကို တိုးတက်အားကောင်းစေမည် ဖြစ်ကြောင်း သိရသည်။