မြန်မာနိုင်ငံတွင် တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂက ၂၀၂၄ ခုနှစ်၊ မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီစတင်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝန်းတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် အရပ်သားများမှာလည်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း ၊ ပြီးခဲ့သည့် ခြောက်လအတွင်းတွင် ထွက်ပြေးလာသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
” ဒီ ခြောက်လအတွင်းမှာ နေရပ်စွန့်ခွာသူတွေ သိသိသာသာများလာရတာ စစ်မှုထမ်းဥပဒေကြောင့်လည်း အများကြီးပါတယ်လို့ သုံးသပ်ရပါတယ်။ ဒီရက်အတောအတွင်းမှာ လူငယ်တွေကို အိမ်ထဲထိဝင်ပြီး တောက်လျှောက်ဖမ်းဆီးတာတွေရှိလာနေတယ်။ ဒီဖြစ်ရပ်တွေအပြီးမှာတော့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ပြည်သူတွေ ပိုတိုးလာဖို့ပဲရှိပါတယ် ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည် ။
ထို့ပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဖြစ်သည့် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အရပ်သား ၁.၅သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး ယင်းဦးရေသည် နေရပ်ဏွန့်ခွာထွက်ပြေးသူများ၌ အများဆုံးပမာဏဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
” ကျမတို့ရွာ မီးရှို့ခံရပြီးထဲက ရန်ကုန်ကို အပြီးပြောင်းလာကြတာ၊ ရွာက အချိန်မရွေးမီးထပ်ရှို့ခံရနိုင်တော့ အိမ်ပြန်ဆောက်ပြီးလည်း မနေချင်တော့ဘူး။ ဒီမှာက အမျိုးတွေရှိတော့ သူတို့ဆီ ခဏခိုကပ်နေရတာပေါ့၊ အဆင်ပြေလှတယ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ရုတ်တရက် စစ်ကြောင်းဝင်လာလို့ အလန့်တကြားထွက်ပြေးရမှာထက်စာရင်တော့ တော်သေးတယ်ပြောရမယ် ” ဟု ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာမှစတင်ကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဆောင်ရွက်လာခြင်းကြောင့် နေရပ်စွန့်ခွာသူများလည်း ပိုမိုများလာခြင်းဖြစ်ကြောင်း ၊ နေရပ်စွန့်ခွာသူများထဲတွင် ၁.၈သန်း ခန့်သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပြီး ယင်းထဲတွင် ခြောက်သိန်းခန့်သည် ကလေးသူငယ်များ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
” စစ်ကောင်စီက Geneva Conventions ကိုချိုးဖောက်ပြီး ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေပေမဲ့၊ အခုအချိန်ထိနိုင်ငံတကာက ထိရောက်တဲ့အရေးယူမှုမျိုးမပြုလုပ်နိုင်သေးပါဘူး။ အရပ်သားပြည်သူသေဆုံးမှုကို ကြည့်မယ်ဆိုရင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုက စတုတ္ထနေရာမှာ ရှိနေတာပါ ” ဟု စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Spring Revolution Database – SRD မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အရှေ့တောင်ပိုင်းတို့တွင်လည်း လူဦးရေ ၉သိန်းကျော်အထိ နေရပ်စွန့်ခွာနေရပြီး တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် လူဦးရေ ၃.၅သိန်းကျော် နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။