စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ခမ်းပါတ်မြို့ခရီးစဉ်အတွက် ယာဉ်စီးနင်းခများ ကျပ်နှစ်သိန်းအထိမြင့်တက်သွားပြီး ယခင်ဈေးထက် အဆပေါင်း ၂၀ ခန့်မြင့်တက်သွားကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။
ယခင်က လူတစ်ဦးလျှင် စီးနင်းခကျပ်တစ်သောင်းဝန်းကျင်သာ ကုန်ကျသည့်ခရီးစဥ်သည် စစ်ကောင်စီက ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုး၍ လမ်းပိုင်းစိုးမိုးမှုရယူထားသည့်အချိန်မှစ၍ ကားသမားများအနေဖြင့် ချင်းတောင်ဘက်မှကွင်း၍သွားနေရသောကြောင့် ယခုကဲ့သို့စျေးမြင့်တက်သွားခြင်းဖြစ်ကြောင်း ခမ်းပါတ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
“ ပုံမှန်သွားနေကျလမ်းက စစ်တပ်ကပိုင်သွားပြီလေ။ ကလေးတွေ(PDFများ)က နောက်ဆုတ်သွားတဲ့အခါကျတော့ စစ်တပ်ကကြီးစိုးတော့ ဘယ်သူမှမသွားရဲကြဘူး။ အဲ့ဒီလမ်းဘေးတစ်လျှောက်ကရွာတွေအကုန်လုံး စစ်တပ်ကမီးရှို့နေတာကို။ မီးရှို့ပြီးတော့ သူတို့ကနယ်မြေပြန်စိုးမိုးသလိုဖြစ်သွားတာ” ဟု ၎င်းက MPA ကိုပြောသည်။
အိန္ဒိယ-မြန်မာအဓိကကုန်သွယ်ရေးလမ်းမကြီးကို ကလေးမြို့မြောက်ပိုင်း စခန်းကြီးကျေးရွာမှ စစ်ကောင်စီကပိတ်ထားသောကြောင့် တမူးနှင့် ခမ်းပါတ်ဒေသခံများအနေဖြင့် ကလေး- လက်ပံချောင်းလမ်းပိုင်းကိုသာ အဓိကထားအသုံးပြုခဲ့ရသည်။
ကလေး-လက်ပန်းချောင်းလမ်းပိုင်းကို စစ်ကောင်စီက ဧပြီ ၅ ရက်မှစ၍ စစ်ကြောင်းထိုးနေပြီး ဖြတ်သန်းသွားလာခွင့် ပိတ်သွားသဖြင့် ချင်းတောင်လမ်းပိုင်းမှ ပတ်၍သွားလာနေကြရခြင်းဖြစ်သည်။
“ စခန်းကြီးလမ်းက ကြာပြီ၊ ပြည်သူတွေမသွားကြတော့တာ။ လက်ပံချောင်းလမ်းအတိုင်းပဲသွားနေကြတာ။ အခုစစ်ကြောင်းထိုးပြီးတော့ နှစ်လမ်းလုံးကိုစစ်တပ်က ပိတ်ပစ်လိုက်တဲ့သဘော။ ဘယ်သူမှဖြတ်လို့မရတော့ဘူး။ ခမ်းပါတ်ဘက်ကို ဖြတ်လေးဖြတ်လုပ်နေတယ်လို့လည်း ပြောကြတယ်” ဟု ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် နေထိုင်သည့်အမျိုးသားတစ်ဦးက ရှင်းပြသည်။
ပုံမှန်လမ်းကြောင်းအတိုင်း တစ်နာရီခန့်သာသွားရသော ခမ်းပါတ်-ကလေးခရီးစဥ်သည် ချင်းတောင်ဘက်မှကွင်းပတ်၍သွားနေရသောကြောင့် ရှစ်နာရီခန့်ကြာမြင့်နေပြီး ချင်းတောင်လမ်းပိုင်းသည် လမ်းခရီးကြမ်းတမ်းသဖြင့် ယာဉ်တိမ်းမှောက်မှုများလည်း ဖြစ်ပွားကြောင်း သိရသည်။
“ အထူးသဖြင့် စကတ်ကားတွေ အသွားများတယ်။ အိမ်စီးကားဆို ဖိုးဝှီးပဲသွားတယ်။ စကတ်ကားနှစ်စီး နှစ်ခါလဲပြီးပြီ။ စပယ်ယာတစ်ယောက်သေတယ်ကြားတယ်။ နေ့စေ့လစေ့ ကိုယ်ဝန်သည်ဆို လမ်းအခြေအနေနဲ့ ဘယ်ဖြစ်မလဲ။ တန်ဆာခက အရင်ထက်သုံးဆတဲ့။ အရင်က ခရမ်းချဥ်သီးတစ်ပိဿာ နှစ်ထောင်ဝယ်ရတယ်။ အခုက ငါးထောင်” ဟု ခမ်းပါတ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သည့်အမျိုးသားတစ်ဦးက ဆိုသည်။
ခမ်းပါတ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီအနေဖြင့် ခမ်းပါတ်မြို့ပြန်လည်ရရှိရေးအတွက် ဒီဇင်ဘာလအတွင်းက အကြိမ်ကြိမ်စစ်ကြောင်းထိုးခဲ့သော်လည်း အထိအခိုက်များစွာဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။
ထို့ပြင် ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဧပြီ ၂၂ ရက်၊ နံနက် နှစ်နာရီခွဲအချိန်ခန့်က ဂျက်ဖိုက်တာ နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အရပ်သားနှစ်ဦးသေဆုံး၍ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။