ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ကြောင်းကို ၁၃ ရက်ကြာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၁ ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရာရခဲ့ကြောင်း KNDO တပ်ရင်း ခြောက် (Drone တပ်ဖွဲ့) ထံက သိရသည်။
ဧပြီ၂၄ရက်မှ မေလခြောက်ရက်အထိ ကျုံးဒိုး-ကိုးတိုင်လမ်းမကြီးတစ်လျှောက်တွင် စစ်ကူလာသည့် အောင်ဇေယျစစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျုံဒိုးမြို့အဝင်က စပြီး ကျုံဒိုးချောင်းဖျားလမ်းရယ်။ငါးတိုင်ဘက်သွားတဲ့ အာရှလမ်းမကြီးရယ်မှာ ဗုံးကြဲတာပါ” ဟု KNDO တပ်ရင်းခြောက်( Drone တပ်ဖွဲ့) မှ ပြန်ကြားရေး တာဝန်ခံကိုစိုင်း က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း BGF စစ်ကြောင်းမှူး နှစ်ဦး၊ ခမရ – ၅၄၆ မှ ဗိုလ်ကြီး တစ်ဦး၊တပ်ကြပ်တစ် ဦးနှင့်တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“စစ်ကြောင်းက ရှေ့ဆက်မတိုးနိုင်သေးဘူး။ဒေါနတောင်ခြေမှာပဲရှိသေးတယ်။တောထဲတွေမှာ နေကြတယ်။တိုက်ပွဲက နေတိုင်းဖြစ်နေတာပဲ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းရှိ PDF ရဲဘော် တစ်ဦး ကပြောသည်။
အောင်ဇေယျစစ်ကြောင်းသည် မော်လမြိုင်မြို့မှနေ၍ ဧပြီ ခုနှစ်ရက်ခန့်မှစတင်ကာ ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး လမ်းခရီးတစ်လျှောက် KNLAပူးပေါင်းတပ်၏ တိုက်ခိုက်မှုများကို ခံနေရကြောင်း MPA ကစုံစမ်းသိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။