မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာသို့ ရောက်လာသော စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကူလာသည် ကားကိုလည်း မိုင်းဆွဲခဲ့ရာ စစ်သား ၁၁ဦးသေဆုံးကြောင်းသိရသည်။
မေလ လေးရက်၊ နံနက် ရှစ်နာရီ ၄၅မိနစ်ခန့်က မြေတိုင်းရွာသို့ ရောက်ရှိနေသော အင်အား ၃၀ကျော်ရှိစစ်ကြောင်းနှင့် ဒေသခံ PDF တပ်ဖွဲ့တို့ ၁၅မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ခုနှစ်ဦးသေဆုံးခဲ့ကြောင်း CDSOM ငါးဇွန်တပ်ခွဲ NRF အဖွဲ့ထံက သိရသည်။
“ စစ်သား တစ်ဦးက ကျတော့်ကို မြင်သွားတာ။ ကျတော်က MA4သေနတ်နဲ့ဆိုတော့ သူ့လူထင်သွားတာ။ ငါ့ကောင်လာ၊လာဆိုပြီး ခေါ်နေတာ။ ကျတော်ကလည်း လက်ဦးမှုရပြီး အဲ့တစ်ကောင်တော့ တန်းပစ်နိုင်ခဲ့တယ်။ ကျန်တဲ့သူတွေကတော့ နောက်ကနေ လက်နက်ကြီးနဲ့ဝိုင်းပစ်တာပေါ့။ မျက်မြင်ကတော့ လေးယောက်သေတယ်။ ပြည်သူတွေပြောတာတော့ ခုနှစ်ယောက်တဲ့” ဟု CDSOM ငါးဇွန်တပ်ခွဲ NRF အဖွဲ့ တာဝန်ခံ ရဲဘော်အစိက MPAသို့ ပြောသည်။
ထို့နောက် ငါးဇွန်မြို့ပေါ်မှ စစ်ကူလာသည့် စစ်ကားနှစ်စီးကို ညောင်လေးပင်ရွာ ဆည်ဘောင်ပေါ်တွင် မိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦး ထပ်မံသေဆုံးခဲ့ကြောင်း ၎င်းကပြောသည်။
“ ကား နှစ်စီးဆင်းလာတယ်။ ညောင်လေးပင်ကို ကားရပ်ထားပြီး ခြေလျင် မြေတိုင်းဘက်ကို ဖြန့်တာ။ ဖြန့်တဲ့အချိန်မှာ မိုင်းဆွဲလိုက်တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းကြောင့် မြေတိုင်းရွာအပါအဝင် ကျေးရွာလေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ လေးရွာကတော့ ထိထိရောက်ရောက်ရှောင်တယ်။ ကျန်တဲ့ရွာတွေကတော့ ယောကျာ်းလေးတွေလောက်ပဲ ရှောင်ကြတာ” ဟု ငါးဇွန် ဒေသခံတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို CDSOM ငါးဇွန်တပ်ခွဲ NRF နှင့် ငါးဇွန်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။