စစ်မှုထမ်းဥပဒေကြောင့် လူငယ်များတိမ်းရှောင်နေသဖြင့် လယ်ယာလုပ်ငန်းများတွင် လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်လာရကြောင်း ဧရာဝတီတိုင်းအတွင်းရှိ တောင်သူလယ်သမားများထံမှ သိရသည်။
ယခင်က လယ်ယာမြေလုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်နိုင်၊ ကိုင်နိုင်သည့်နေ့စား လူငယ်လုပ်သားများဖြင့် လည်ပတ်နေရခြင်းဖြစ်ပြီး ယခုစစ်မှုထမ်းဥပဒေပေါ်ထွက်လာချိန်တွင် စစ်မှုမထမ်းလို၍ မြို့သို့သွားကာ အလုပ်လုပ်သူများ၊ နိုင်ငံခြားသို့ ထွက်ခွာသူများရှိနေခြင်းကြောင့် လယ်ယာမြေလုပ်သားရှားပါးမှုကြုံတွေ့နေရခြင်း ဖြစ်ကြောင်းသိရသည်။
“အခုဆိုရင် ရွာထဲမှာ လူငယ်တွေမရှိတော့ဘူး။ အကုန်လုံးက စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်နေတာတွေရော နိုင်ငံခြားထွက်အလုပ်လုပ်တာတွေရောပေါ့။ မကြာခင်လယ်လုပ်ရတော့မယ် လုပ်သားက ရှာမရတော့ဘူး။ ထွန်စက်ထွန်ဖို့တောင် လုပ်သားရှာမရတော့ဘူး” ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းရှိ တောင်သူတစ်ဦးက MPA ကိုပြောသည်။
ယခင်က အခြားဒေသများမှ လယ်ယာလုပ်သားများ ခေါ်ယူစိုက်ပျိုး၍ရသော်လည်း ယခုအချိန်တွင်အခြားဒေသများမှ အလုပ်သမားများကိုပါခေါ်ယူ၍မရတော့သည့် အခြေအနေဖြစ်နေကြောင်း ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်အတွင်းနေထိုင်သည့် လယ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ကျတော်တို့လူကြီးပိုင်းတွေကျတော့သိပ်မလုပ်နိုင်ဘူး။ ထွန်စက်ကြီးတွေငှားပြီးထွန်၊ ကြီးခင်းကြဲချဖို့ပဲရှိတော့တယ် လယ်ကိုအရင်လိုနေ့စားအလုပ်သမားတွေနဲ့ ဂရုစိုက်ပြီးမလုပ်နိုင်တော့ဘူး” ဟု ဧရာ၀တီတိုင်းဒေသကြီး အထက်ပါလယ်ပိုင်ရှင်က ညည်းတွားသည်။
ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်အများစုမှာ စစ်မှုမထမ်းလို၍ တိမ်းရှောင်မှုများရှိနေခြင်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအများစုတွင် စစ်မှုထမ်းအသက်ပြည့်မီသည့် လူငယ်များမရှိတော့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။