ရန်ကုန်တိုင်းအတွင်းရှိ အိမ်ခန်းငှားခများ အဆမတန်မြင့်တက်လာမှုကြောင့် အိမ်လုံးချင်းငှားရမ်းခြင်းထက် လူစုကာ အဆောင်ပုံစံမျိုးငှားရမ်းနေထိုင်မှုများ ပိုမိုများပြားလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှသိရသည်။
နိင်ငံရေးမတည်ငြိမ်ခြင်း၊ ကုန်ဈေးနှုန်းများနေ့စဉ်မြင့်တက်လာခြင်းတို့ကြောင့် အိမ်ငှားမည့်သူများမှာ လချုပ်၊ နှစ်ချုပ် မချုပ်ဆိုနိုင်တော့ဘဲ လူအများစုပေါင်း၍ ငှားရမ်းကာ အဆောင်သဘောမျိုး နေထိုင်လာကြခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
“မနှစ်ကထိ အဲ့ဒီလောက်မများသေးဘူး၊ ဒီနှစ်မှာ ပိုများလာတာ၊ အရင်ကဆို တစ်လကို မိသားစု လေးစုလောက်က သီးသန့်နေဖို့ ငှားတယ်ဆို၊ အခုကအိမ်ငှားဖို့ရှိလား လာမေးသူလေးယောက်မှာ လေးယောက်လုံးက သူတို့အစီအစဉ်နဲ့သူတို့ လူစုပြီး အဆောင်လိုသဘောမျိုး နေကြတော့တာများတယ်”ဟု ၎င်းက ဆိုသည်။
ယမန်နှစ်က တစ်ခန်းငှားခမှာ အနိမ့်ဆုံး ကျပ်နှစ်သိန်းဖြင့် လူစည်ကားသည့် မြို့လယ်ခေါင်မြို့နယ်၊ ရပ်ကွက်များတွင် ရှာဖွေရလွယ်ကူခဲ့သော်လည်း ယခုနှစ်တွင် အဆိုပါဈေးဖြင့် ယင်းနေရာများတွင် ငှားရမ်းမရနိုင်တော့ကြောင်း အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား ဈေးကွက်အတွင်းမှ သိရသည်။
“အရင်က အဲ့ဒီလိုစုနေတာ နယ်ကလူတွေပဲများတယ်၊ အလုပ်လုပ်ဖို့၊ ကျောင်းတက်ဖို့ သင်တန်းတက်ဖို့စသဖြင့် နယ်က လူတွေကသာစုပေါင်းပြီး ငှားနေကြတာ။ အခုက အဲ့ဒီလိုမဟုတ်တော့ဘူး။ရန်ကုန်သူ၊ ရန်ကုန်သားတွေပါ အဲ့ဒီလိုစုနေလာတာ” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကMPA ကိုပြောသည်။
စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ်ရှိ အိမ်ခန်းများအား ငှားရမ်းရှာဖွေပေးနေသည့် ပွဲစားတစ်ဦး က “အရင်က ရန်ကုန်ကလူတွေ စုနေဖို့ငှားကြတယ်ဆိုတာ တစ်ရာမှာတစ်ယောက် ခပ်ရှားရှားပဲ၊ အခု ကိုယ့်ဆီလာ တဲ့သူတွေ သုံးယောက်မှာ နှစ်ယောက်က ကိုယ့်ရန်ကုန်ဇာတိကပဲ သူတို့ဘယ်လိုမှ အိမ်ငှားခမတက်နိုင်ကြတော့ သက်သာမယ့်နည်းကို ရွေးကြရတဲ့သဘော”ဟု ဆိုသည်။
ထို့ပြင် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းတိုက်ပွဲများကြောင့် တိုင်းနှင့်ပြည်နယ် အများစုတွင် ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်စီးခံရခြင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြပြီး ရန်ကုန်သို့ ပြောင်းရွေ့နေထိုင်ကြသူလည်း အများအပြားရှိနေသည်။
ရခိုင်မှ ရန်ကုန်သို့ စစ်ဘေးရှောင်လာသူ အမျိုးသားတစ်ဦးက “ ကိုယ်တွေက နှစ်ယောက် ဒီရောက်တော့ အိမ်ငှားဖို့ဈေးတွေမေးကြည့်တာ အနိမ့်ဆုံးသုံးသိန်း၊ သုံးသိန်းခွဲလောက်မှ ပြီးတော့လည်း ခြောက်လချုပ်တဲ့၊ သုံးလဆိုတာတောင် ရှားပါတယ်။ အဲ့ဒီလိုမတက်နိုင်တော့ လိုင်းပေါ်မှာရှာကြည့်တာ လူစုနေဖို့ ဘယ်နှစ်ယောက်လိုတယ်ဆိုတာတွေ့တာနဲ့ချိတ်ပြီး တစ်လကို ခုနစ်သောင်းနဲ့ အတူပေါင်းနေလိုက်ကြတယ်၊ နယ်က ကိုယ့်အသိတွေလည်း အခုဆိုတော်တော်များများ အဲ့ဒီလိုပဲ နေကြတော့တယ်” ဟု ဆိုသည်။
စမ်းချောင်းမြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် ၇ လကြာ ငှားရမ်းနေထိုင်နေသည့် ကလေးမိခင်တစ်ဦးက “ စမ်းချောင်းမှာ အရင်က တစ်သိန်းရှစ်သောင်းနဲ့နေတဲ့အိမ်က အခုသုံးသိန်းတဲ့ ပွဲစားခနဲ့ ခြောက်လချုပ်ဆိုရင် ကျွန်မ သိန်း ၂၀ အကြွေးတင်မယ်၊ အဲ့ဒီခြောက်လအတွင်း မဆပ်နိုင်ဘူး ဘယ်လိုရှာမလဲ၊ စားတာနဲ့ နေဖို့နဲ့က လုံးဝမကာမိဘူး၊ အဲ့ဒီတော့ တစ်ရက် ၆,၀၀၀ ပေးရတဲ့ တည်းခိုခန်းမှာ မိသားစုသုံးယောက်နေတာ ဒီနေ့အထိပဲ”ဟု ဆိုသည်။
လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အတူစုနေထိုင်ရန် အိမ်ငှားခေါ်သည့် ပို့စ်များမှာ နေ့စဉ်နှင့်အမျှများပြားလာသည်ကို တွေ့ရပြီး၊ အချို့မှာလည်း ဈေးနှုန်းသက်သာသည့် တည်းခိုခန်းများတွင် ရေရှည်နေထိုင်နေကြရကြောင်း အိမ်အငှားပွဲစားများနှင့် အိမ်ငှားနေထိုင်သူများထံမှ သိရသည်။