စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ထိုမာရွာကို စစ်ကောင်စီက ယနေ့(မတ်၉ရက်)၊မနက် ၁၀ နာရီခွဲခန့်တွင် Mi35 ရဟတ်ယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ၂၈ရက်ကတည်းက ထိုမာရွာအတွင်း စစ်ကြောင်းထိုး၍တပ်စွဲနေခြင်းဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရွာအတွင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကလေးတောင်ပိုင်းစစ်ရေးသတင်းရင်းမြစ်က MPAကိုပြောသည်။
“ ကျတော်တို့ ရွာကိုကပ်တာတော့ မနေ့ညကတည်းကကပ်တာ၊ ညကတော့ထိတွေ့မှုမဖြစ်ဘူး။ ဒီမနက်နေမြင့်မှ ထိတွေ့တိုက်ပွဲဖြစ်တာဗျ၊ သူတို့(စကစ) ရဟတ်ယာဥ်နဲ့တစ်ခေါက်လာပစ်သွားတယ်။ ကျတော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ သူတို့ဘက်က အထိအခိုက်ရှိမရှိတော့ မသိရသေးဘူးဗျ” ဟု ၎င်းကဆိုသည်။
ထိတွေ့တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုအပြင် ကလေးမြို့နှင့် နည်းပညာတက္ကသိုလ်များမှ လက်နက်ကြီးပစ်ကူအမြောက်အများပေးခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိုမာရွာမြောက်ပိုင်းသို့ဆုတ်ခွာသွားကြောင်းသိရသည်။
ထိုမာရွာသည် အိမ်ခြေ ၂၀၀၀နီးပါးရှိသည့် ရွာကြီးတစ်ရွာဖြစ်ကာ၊ စစ်ကောင်စီတပ်စွဲချိန်မှစ၍ ဒေသခံပြည်သူများမှာ တောတောင်များသို့ထွက်ပြေးရှောင်တိမ်းနေကြရပြီး စစ်ကောင်စီက ပြည်သူပိုင်ပစ္စည်းများ ခိုးယူသယ်ဆောင်ခြင်း၊ ဖျက်ဆီးခြင်းများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့်အပြင် ယနေ့တိုက်ခိုက်မှုကြောင့် ရွာမြောက်ပိုင်းနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်ဟု ထိုမာရွာဒေသခံတစ်ဦးက MPAကိုပြောသည်။
“ အစက လေယာဥ်နဲ့ပစ်လို့မီးလောင်တယ်ထင်နေတာ၊ မဟုတ်ဘူး ဒီကောင်(စကစ)တွေ ရွာမြောက်ပိုင်းကိုဆုတ်ပြီး အိမ်တွေကို မီးရှို့နေတာတဲ့၊ အိမ်ခြေဘယ်လောက်လောင်ပြီလဲတော့ မသိဘူး။ တစ်ရွာလုံးကလူတွေကတော့ အကုန်ထွက်ပြီးပြီ။ ဘယ်သူမှမကျန်ခဲ့ဘူး” ဟု ၎င်းကပြောသည်။
မတ်လဆန်းပိုင်းမှစတင်ကာ ကလေးတောင်ပိုင်း ထိုမာရွာနှင့် သာယာကုန်းရွာကြားတွင် စစ်ကောင်စီနှင့် ဒေသ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုများလည်း ရှိခဲ့သည်။
ထို့ပြင် မတ်လ၈ရက်နေ့ကလည်း ကလေးမြို့စစ်ကောင်စီ၏ ထောက်ပို့တပ်နှင့်အမြောက်တပ်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် စံစီးကျေးရွာက အသက်(၇၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။