မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးနှင့် တရားရုံးတို့ကို မတ်လ ၂ ရက်၊ နံနက် ၈ နာရီကျော်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် ဒုရဲအုပ်အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့အဓိက Target က စီမံကိန်းရုံးကိုဗျ။ ပြီးတော့ တရားရုံးရယ်ပေါ့ ။ တဖြတ်စီ ဖြတ်ထားတာ။ စီမံကိန်းရုံးမှာက သူတို့ ဘန်ကာအခိုင်အမာချထားပြီး နေနေကြတာ။ တိုက်ပွဲက အပြန်အလှန် ထိတွေ့ တော်တော်ကြာ ဖြစ်ခဲ့တယ်” ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၏ သတင်းပြန်ကြားတာဝန်ခံက MPA ကိုပြောသည် ။
တိုက်ပွဲကြာချိန် ၁ နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး စီမံကိန်းရုံးအား သိမ်းပိုက်ရရှိခါနီးတွင် လက်နက်ခဲယမ်းပြဿနာ ၊ RPG ချို့ယွင်းမှုများအပြင် စစ်ကူများစွာ ရောက်လာခြင်းကြောင်း ကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။
“ သိမ်းလို့ရခါနီး ဘန်ကာကို ဖြိုခွဲဖို့ RPG က မထွက်ဘူးဗျ။ ပြီးတော့ စစ်ကူကကျွန်တော်တို့ ထင်ထားတာထက် ပိုရောက်လာတော့ ပြန်ဆုတ်လိုက်ရတာဗျ ။ ဘန်ကာကိုဖြိုဖို့လုပ်နေတုန်း ရဲဘော်တစ်ယောက်လဲ ပေါင်ကိုကျည်ထိသွားသေးတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ရှိ ဒုရဲအုပ်အပါအဝင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ကာကွယ်ရေးရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDA သတင်းပြန်ကြားတာဝန်ခံကပြောသည်။
“ ကျွန်တော်တို့ရဲဘော်တွေ မျက်မြင်တင် ၂ ယောက်သေတာဗျ။ ပက်လက်လဲနေတာ။ ပွဲအပြီး နေ့လည်ပိုင်းမှာ ဆေးရုံဖက်ထောက်ကြည့်တော့ နောက်တစ်ယောက်ထပ်သေတယ်။ ဒုရဲအုပ်တစ်ယောက်ပါတယ်လို့သိရတယ်။ စုစုပေါင်း ၃ ဦးပေါ့” ဟု ၎င်းကဆိုသည် ။
စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးနှင့် တရားရုံးတို့တိုက်ခိုက်ခံရပြီးနောက် မြိုင်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတိုးမြှင့်ချထားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ မြိုင်ပကဖ၊ မြိုင်မြို့နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ်ရင်း ၇ ၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၇ ၊ PSGF ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့၊ အာဘံ ရေစကြိုတပ်ဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့နှင့် King Cobra (ပခုက္ကူ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။