စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချစခန်းများကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မည်စိုးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် မြို့ခံပြည်သူ ၂ ဦး လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ဒေသကာကွယ်ရေးတပ်များသည် မတ်လ ၂ ရက်၊ နံနက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရန် ချဉ်းကပ်လာသည်ကို စစ်ကောင်စီကကြိုတင်သတင်းရထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်၊တပ်ရင်း ၃၅ ၊ တပ်ခွဲ ၃ ရှိ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
“ မြို့နားကို ကပ်သွားတဲ့အချိန်မှာ သူတို့က ၆၀ မမနဲ့ လှမ်းပစ်တာဗျ။ ၆၀ က ကျွန်တော်တို့ကို ကျော်သွားပြီး ပြည်သူတွေအိမ်ပေါ်ကိုကျတာ။ ဒဏ်ရာရတဲ့ပြည်သူ ၂ ဦး အရင်ကယ်ထုတ်ပြီး တိုက်ပွဲကို ဆက်လက်ဖော်ဆောင်ခဲ့ပါတယ်။ “ ဟု ၎င်းကပြောသည်။။
ဒဏ်ရာရရှိသွားခဲ့သည့် ဒေသခံပြည်သူ ၂ ဦးမှာ ဆားလင်းကြီးမြို့ပေါ်တွင်နေထိုင်သည့် အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကာ လုံခြုံသည့်နေရာတွင် ဆေးကုသမှု့ခံယူရန် စီစဉ်ပေးထားကြောင်း ၎င်းကရှင်းပြသည်။
ထို့နောက် စစ်ကောင်စီကအထိုင်ချတပ်စွဲထားသည့် ဆားလင်းကြီးမြို့ပေါ် ရဲစခန်း၊ ထွေအုပ်ရုံး၊ တာဝတ္တိံသာဘုန်းကြီးကျောင်း ၊ မင်းကံကြီးဆည်ဘောင်စသည့် လေးနေရာကို ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမနှင့်လက်နက်ငယ်များ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ကျွန်တော်တို့က တချိန်တည်း တိုက်ခိုက်တာ။ ဘန်ကာတွေကို လက်နက်ကြီးတွေနဲ့ပစ်ပြီး လက်နက်ငယ်နဲ့ အနီးကပ်ဝင်ပစ်တာ။ သူတို့ဖက်ကလဲ တောက်လျှောက်ကောင်တာလာတယ်ဗျ “ Chindwin Dynamite အဖွဲ့က ကိုဖတ်တီးကဆိုသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခွဲခန့်ကြာမြင့်ပြီး စစ်သား ၃ ဦး မျက်မြင်သေဆုံးကာ ကာကွယ်ရေးရဲဘော်များဖက်က ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်၍ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ ၊ တပ်ခွဲ ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှု့အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆားလင်းကြီးမြို့အတွင်း ညပိုင်းအထိ လက်နက်ကြီး ၊ လက်နက်ငယ်များ ပစ်ခတ်မှု့များရှိခဲ့ကြောင်း မြို့ခံများထံက သိရသည်။