မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လိုတရစက်သုံးဆီဆိုင် မီးလောင်ကျွမ်းခဲ့ရာ ကား၁စီး နှင့်ဆိုင်ကယ် ၁စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ ၄၈လမ်း ၊မနော်ဟရီလမ်းရှိ လိုတရစက်သုံးဆီဆိုင်တွင် ယနေ့ (မတ်လ၄ရက်) ညနေ ၃နာရီ ၅၈ မိနစ်ခန့်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
လိုတရဆီဆိုင်မီးလောင်မှုမှာ Level 1 အဆင့်ရှိပြီး ညနေ ၄နာရီ ၄မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီးနောက် မီးငြိမ်းသွားခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ မီးလောင်ရတဲ့အကြောင်းရင်းကို ကျန်တော်မသိသေးဘူးဗျ၊မှုတန်ဖိုးကို ဦးစီးဌာနကနေ ထုတ်ပြန်ပါမယ်” ဟု ၎င်းကပြောသည်။
လိုတရဆီဆိုင်မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
“ သိရတာတော့ဆီဖြည့်တဲ့ကားကနေလောင်တာတဲ့။ ဘာကြောင့်ဆိုတာတော့တိတိကျကျမသိရသေးဘူး။ လူထိခိုက်တာတော့မကြားသေးဘူး၊ မီးက လောင်စတုန်းကတော့ များတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
လိုတရဆီဆိုင် မီးလောင်ရခြင်းအကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်ဦးစီးဋ္ဌာနက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
မတ်လ ၂ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ ၅၉လမ်း၊ ၁၁၂လမ်း နှင့် ၁၁၃လမ်းရှိ ကံသာယာရပ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့သေးသည်။