ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် နှစ်လအတွင်း ဒေသခံပြည်သူ ၄၇ ဦးအထိ သေဆုံးခဲ့ရကြောင်း ပအို့ဝ်လူငယ်အဖွဲ့အစည်း Pa – O Youth Organization အဖွဲ့က မတ်လ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ၊ ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့စသည့်မြို့များအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပအို့ဝ်လူငယ်အဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ နှစ်ဖက်မြေပြင်တိုက်ပွဲကတော့ ဇန်နဝါရီလ ၂၄ ရက်က စပြီးဖြစ်တာ၊ ဒါပေမယ့် ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ စံဖူးကျေးရွာမှာ PNLA လက်နက်တင်လာတာကို အကြောင်းပြုပြီး PNLA နဲ့ PNA၊ စစ်ကောင်စီအုပ်စုတွေအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တယ်၊ နောက် ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကို စစ်ကောင်စီကလေကြောင်းဗုံးကြဲတယ်။ ပြီးတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စစ်ရေးတင်းမာခဲ့တယ်။ ၂၄ ရက်နေ့မှာတော့ ဆီဆိုင်မြို့မှာတိုက်ပွဲစဖြစ်ခဲ့ပါတယ် “ ဟု ၎င်းက ရှင်းသည်။
တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၂၄ ရက်မှ ယနေ့ (မတ်လ ၄ရက်)အထိ နှစ်ဖက်အဖွဲ့များ၏ လက်နက်ကြီးများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၄၇ ဦးသေဆုံးပြီး ၅၉ ဦး ဒဏ်ရာရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။
တိုက်ပွဲများကြောင့် အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၂ ဦး၊ ၁၀ နှစ်အောက် ကလေးငယ် ၅ ဦးနှင့် ကျား၊ မ အတည်မပြုနိုင်သူ ၆ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိ ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအနေဖြင့် အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်နေသည့်အပြင် နေရေး၊ ထိုင်ရေးမှာလည်း အခက်အခဲများရှိနေပြီး စစ်ကောင်စီတပ်နှင့် PNA က ပေါ်တာဆွဲမည်ကိုလည်း စိုးရိမ်နေကြရကြောင်း သိရသည်။
“ စစ်ရှောင်တွေကတော့ အခုလောလောဆယ်မှာတော့ စစ်ပွဲမဖြစ်သေးတဲ့ နီးစပ်ရာကျေးရွာတွေ၊ ဒေသတွေနဲ့ တချို့ကတောတောင်တွေထဲကို ရှောင်နေကြရတဲ့ အခြေအနေပါ။ တချို့နေရာတွေမှာတော့ စစ်ဖြစ်ရင် ရှောင်လိုက်၊ တိုက်ပွဲငြိမ်ရင် အိမ်ပြန်သွားလိုက်လုပ်နေတာတော့ရှိတယ်။ အဓိကအခက်အခဲကတော့ အရေးပေါ်လုံခြုံတဲ့နေရာထိုင်ခင်း အရေးပေါ်စားနပ်ရိက္ခာနဲ့ တကိုယ်ရည်သုံးပစ္စည်း အရေးတကြီးလိုအပ်နေပါတယ်။ မြို့ပေါ်ကို ရှောင်ရင်လည်း စစ်ကောင်စီက ပေါ်တာဆွဲမှာ ကြောက်ကြ၊ စိုးရိမ်ကြတယ်။ PNA ပြည်သူ့စစ် စစ်သားစုဆောင်းကြမှာကို စိုးရိမ်နေကြတယ်” စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဆိုသည်။
ဆီဆိုင်မြို့ပေါ်တွင် မြေပြင်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသဖြင့် ဆီဆိုင်မြို့အနောက်ဘက်သို့ တိမ်းရှောင်သူ အများအပြားလည်းရှိနေပြီး တိုက်ပွဲအချိန်ကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာပြတ်တောက်နိုင်သည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးကပြောသည်။
“ ဟိုပုံးမြို့နဲ့ အနီးတစ်ဝိုက်ကို ရှောင်သွားကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အခုက ဟိုပုံးမြို့လည်း အခြေအနေမကောင်းတော့ ဘယ်ကိုဆက်ရှောင်ကြမလဲဆိုတာ စိန်ခေါ်ချက်တစ်ခု ဖြစ်နေပါတယ်၊ တောတောင်ထဲ စစ်ရှောင်နေကြတဲ့ သူတွေကတော့ကလေးဝမ်းလျောတာတွေ၊ ဆေးဝါးအလုံအလောက်မရှိတာတွေဖြစ်နေတယ်။ ရေပြဿနာလဲ အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ် ” ဟု ၎င်းကဆိုသည်။
တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် PNA တို့က စစ်ဆေးရေးဂိတ်များတိုးမြှင့်ချထားခြင်းကြောင့် ဒေသခံများအနေဖြင့် လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန် အခက်ကြုံနေရပြီး လမ်းများပိတ်ထားခြင်းကြောင့် ပိတ်မိနေသူများလည်းရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၊ ဆီဆိုင်မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများ၊ လွယ်ပွတ်ကျေးရွာ၊ ပဆျာကကြိုး၊ ထမ်းဗုန်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တကြောနှင့် ပုံးအယ်ကျေးရွာ လွယ်ဝိုးတုတ်ကျေးရွာ၊ လွိုင်လင်မြို့၊ မိုင်းပွန်အနောက်ဘက်ခြမ်း နားယမ်ကျေးရွာအုပ်စု စသည့်နေရာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ယနေ့အထိ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံပြည်သူ ၁ သိန်းဝန်းကျင်ရှိကြောင်း ပအို့ဝ်လူငယ်အဖွဲ့အစည်း၏ စာရင်းများအရ သိရသည်။