တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ မေတ္တာမြို့နှင့် ဟိန္ဒားပြင်ရွာတဝိုက်ကို စစ်ကောင်စီတပ်က ယနေ့၊ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရှေ့တောဒေသကို ၂ ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ တာဝန်ရှိသူထံက သိရှိရသည်။
ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် Jet Fighter လေယာဥ်ဖြင့် ဗုံးသီး ၈ လုံးကြဲချခဲ့ပြီး မွန်းလွဲ ၁၁ နာရီအချိန်တွင်လည်း ရဟတ်ယာဉ်တစ်စင်း ထပ်မံရောက်ရှိလာပြီး ဗုံးသီးများ ဆက်တိုက်ကြဲချခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ လောလောဆယ်အခြေအနေအထိတော့ ထိခိုက်ပျက်စီးမှုကို မသိရသေးပါဘူးခင်ဗျာ။ ကျွန်တော်တို့လဲ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ဒေါန-တနင်္သာရီအဖွဲ့၏ မြေပြင်နှင့်ဆေးအဖွဲ့တာဝန်ခံ ကိုယောနသံက ပြောသည်။
ပြီးခဲ့သည့် လဝက်ကျော်မှစ၍ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများရှိခဲ့သော်လည်း ယနေ့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အရှေ့တောဒေသရှိ အထက်ပါနေရာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်းလည်း စုံစမ်းသိရှိရသည်။
“ အဲ့ဒီနေရာမှာ တိုက်ပွဲဖြစ်ပွားနေခြင်းတော့ မရှိပါဘူး။ အဲ့ဒီမှာ မေတ္တာဗျူဟာကုန်းတော့ ရှိတယ်၊ အရင်နေ့တွေကတော့ မေတ္တာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်သိမ်းတယ်။ ဝင်သိမ်းတုန်းက သူတို့က မေတ္တာဗျူဟာကုန်းကို ဆုတ်သွားတယ်။ ဆိုတော့ သူတို့ ဗျူဟာကုန်းကို တိုက်ခိုက်မှာစိုးလို့ အဲ့ဒီအနီးအနားကို အခုလို လေကြောင်းတိုက်ခိုက်တာဖြစ်ပါလိမ့်မယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူတစ်ဦးက သုံးသပ်သည်။
အရှေ့တောဒေသ၊ ထားဝယ်-ထီးခီးလမ်းတလျောက်ရှိ သင်္ကန်းတုံးနှင့် မေတ္တာမြို့ကြားတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင်လည်း စစ်ကောင်စီတပ်က MI-2 ရဟတ်ယာဥ်ဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထပ်မံ၍ ဖေဖော်ဝါရီ ၂၆ ရက်တွင် The Karakorum-8 (K-8) (Jet trainer and light attack aircraft) ဖြင့် တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ထိုသို့လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် တောင်သုံးလုံးကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၂ ဦးနှင့် ကျောက်မဲတောင်ကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၁ ဦး သေဆုံးခဲ့သည့်အပြင် ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဒေါန-တနင်္သာရီအဖွဲ့၏ မြေပြင်နှင့်ဆေးအဖွဲ့တာဝန်ခံ ကိုယောနသံထံက သိရသည်။
” အဲ့ဒီရက်ထိခိုက်သေဆုံးမှုအနေနဲ့ တယောက်က လေယာဉ်နဲ့ ပစ်တဲ့အခါမှာ ထိပြီး ၂ ယောက်က လက်နက်ကြီးထိလို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်” ဟု ကိုယောနသံက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေချိန် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၃ ရက်အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီတပ်က ဖြတ်တောက်ထားခဲ့သော်လည်း လက်ရှိတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ အရှေ့တောဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် နှစ်ဖက်
တိုက်ပွဲအခြေအနေများကြောင့် စစ်ဘေးရှောင်ပြည်သူ ၇,၀၀၀ ဝန်းကျင်အထိ ရှိလာခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ အဓိကလိုအပ်နေကြောင်းလည်း သိရသည်။
ဒေါနတနင်္သာရီအနေဖြင့်လည်း အထက်ပါအခြေအနေများအတွင်း စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးခြင်းအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့်ပစ်ခတ်ခံရချိန်၊ မိုင်းအန္တရာယ် စသောလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။