ကရင်နီပြည်နယ်၊ဖားဆောင်းမြို့လယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၉ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က ဖားဆောင်းမြို့ကို စစ်ကြောင်းထိုးကာ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ပြီး ယနေ့(မတ်၄ရက်)တွင်လည်း မြို့လယ်ခေါင်၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ဖားဆောင်းမြို့အခြေစိုက် KNDF ရဲဘော်တစ်ဦးကပြောသည်။
“ ဒီနေ့ကတော့ ပစ်နေကြတုန်းပဲ။အခုတိုက်ပွဲဖြစ်နေတာက ဖားဆောင်းမြို့လယ်မှာ အပြန်အလှန်ပစ်တဲ့ တိုက်ပွဲငယ်တွေပေါ့။ဒီနေ့ပါဆို ဗုံးကြဲတာနဲ့ တိုက်ပွဲဖြစ်တာနဲ့ ပေါင်းရင် ၆ရက်ရှိပြီ။လေယာဉ်လာတာက ၃ ရက်ပေါ့။ဗုံးကြဲတာကတော့ ဖေဖော်ဝါရီလကုန်(၂၉ရက်)က ကြဲတာပါ” ဟု ၎င်းက ပြောသည်။
၂၀၂၃ခုနှစ်၊နိုဝင်ဘာ ဒုတိယအပတ်မှစတင်ကာ ဖားဆောင်းမြို့နေပြည်သူအများစုမှာ ဘေးလွတ်ရာရှောင်တိမ်းနေခဲ့ကြကာ လက်ရှိတွင် မြို့တွင်းနေထိုင်သူ အနည်းငယ်သာရှိတော့ကြောင်း ဖားဆောင်းမြို့နေပြည်သူတစ်ဦးက ပြောသည်။
“ မြို့မှာက လူမရှိတာကြာပြီ။လေယာဉ်နဲ့ မီးလောင်ဗုံးတွေ၊ပေါင် ၅၀၀ဗုံးတွေကြဲတာက တစ်ရက်တည်းပါ။အရင်လ ၂၉ရက်ကကြဲတာ။တစ်နေကုန်နီးပါး ဗုံးကြဲတော့ ဘယ်နှစ်လုံးမှန်းမမှတ်မိဘူး။အလုံး ၂၀ကျော်တယ်။ဖားဆောင်း လမ်းလေးခွဆုံကို စပစ်တာ။ပြီးတော့မှ မြို့ထဲကို ပေါင် ၅၀၀ သုံးလုံးကျတယ်။ပြီးတော့ မီးလောင်ဗုံးတွေ ဆက်တိုက်ကျတာ” ဟု ၎င်းက ပြောသည်။
ဖားဆောင်းမြို့တွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် အိမ်ခြေ ၂၀၀ခန့် မီးလောင်ပျက်စီးခဲ့ကာ မြို့ပျက်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
“ ဒီနေ့က တိုက်ပွဲကြမ်းတယ်။ပစ်ခတ်မှုအနည်းငယ်တော့ ခုထိရှိတုန်းပဲ။နေ့လယ်က ပွဲဆို ၃နာရီလောက်ကြာတယ်။ဖားဆောင်းမြို့ထဲမှာဖြစ်တာပေါ့။အခုတော့ တိုက်ပွဲအရှိန်လျော့သွားပါပြီ။လေယာဉ်တော့မလာသေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဖားဆောင်းမြို့နေ ပြည်သူတို့သည် ဘေးလွတ်ရာသို့ ရှောင်ပြေးရန် စီစဉ်နေကြကြောင်း MPAက စုံစမ်းသိရသည်။