ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးကျေးရွာရှိ ဒေသခံများကို ပြည်သူ့စစ်သို့ဝင်ရန်ဖိအားပေးခြိမ်းခြောက်နေသည့် ပျူစောထီးခေါင်းဆောင် တင်အောင် အားသွားရောက် ပစ်ခတ်ရှင်းလင်းရာတွင် ပျူစောထီးတင်အောင်က လက်ပစ်ဗုံးဖြင့် ပြန်လည်ပစ်ခတ်သဖြင့် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁- တပ်ခွဲ ၁ Yoma GBK PDF အဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ပျူစောထီး ခေါင်းဆောင်တင်အောင်သည် လူငယ်များအား ပြည်သူ့စစ်အတွင်းသို့ဝင်ရန် ဖိအားပေး ခြိမ်းခြောက်နေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အစစအရာရာကူညီပံ့ပိုးပေးနေခြင်းကြောင့် မတ်လ ၃ ရက်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Yoma GBK PDF အဖွဲ့ရှိ တပ်ခွဲမှူး ကိုကရင်လေးက ပြောသည်။
“ကျွန်တော်တို့သွားတော့ သူကို(ပျူခေါင်းဆောင်တင်အောင်)မတွေ့ဘူး။ သူ့မိန်းမပဲတွေ့တာ၊ အဲဒါသူ ဘယ်သွားလည်းဆိုတာ စစ်မေးနေတုန်းရှိသေးတယ်၊ တင်အောင်က ခြံထဲကနေ လက်ပစ်ဗုံး ၂ လုံးနဲ့ လှမ်းပစ်တာ၊ အဲဒီမှာ ကျွန်တော်တို့ ရဲဘော်နှစ်ယောက်လဲကျသွားတာ၊ ကျန်တဲ့ ရဲဘော်တွေက တင်အောင်ကိုလိုက်ပစ်တယ် သေသွားတယ်၊ သူ့မိန်းမကပါ ထအော်လို့ သူ့ပါပစ်လိုက်ရတာ၊ သူ့သမီးလေးတော့ ကျွန်တော်တို့လက်ဖျားနဲ့တောင်မထိခဲ့ပါဘူး”ဟု ၎င်းကရှင်းပြသည်။
ပစ်ခတ်ရှင်းလင်းပြီးနောက် ဒဏ်ရာရ ရဲဘော် ၂ ဦးအား ပြန်လည်သယ်ဆောင်လာပြီး စခန်းသို့ရောက်ရှိသည့်အချိန်တွင် ရဲဘော်ရောင်ခြည်မှာကျဆုံးသွားကြောင်း ၎င်းကဆက်လက်ပြောသည်။
“တင်အောင်ဆီမှာ သေနတ်ရှိတယ်၊ ကျွန်တော်တို့မရှာနိုင်ဘူး။ ရဲဘော်တွေဒဏ်ရာရနေတော့အမြန်ပြန်ဆုတ်လာရတာ၊ စခန်းရောက်ပြီး ၅ မိနစ် လောက်ပဲကြာမယ်ဆုံးသွားတာ၊ ရဲဘော်တစ်ယောက်ကတော့ ခြေထောက်ထိသွားတယ်၊ စိုးရိမ်စရာတော့မရှိပါဘူး။ ရဲဘော်ရောင်ခြည်ကအခုမှ အသက် ၂၀ ပဲရှိသေးတာ။ အရမ်းအားကိုးရတယ်၊ စည်းကမ်းလည်းရှိတယ်။ ကျွန်တော်တို့ ဘဝတွေကဖယောင်းတိုင်းလို့ ဘဝမျိုးတွေပါ။ ပြည်သူလူထု အလင်းရောင်ရဖို့ ကျွန်တော်တို့ဘဝတွေကို အရည်ပျော်ကျခံပီး ပေးဆပ်ခံသက်သက်ပါပဲ”ဟု တပ်ခွဲမှူး ကိုကရင်လေးက မှတ်ချက်ပြုပြောဆိုသည်။
ပျူလင်မယားကို ပစ်ခတ်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“စစ်ကားနဲ့ ရောက်လာတယ်၊ သေနတ်သံတွေလည်းကြားရတယ်၊ မြို့အဝင်ထွက်တွေ အကုန်ပိတ်စစ်နေတာ၊ အခုမနက်ထိလည်း စစ်တုန်း၊ အဖမ်းခံရတယ်အသံတော့မကြားသေးဘူး။ မြို့ထဲလည်းလူရှင်းတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ၊ ရန်ကုန် – ပြည်ကားလမ်းမဘေးရှိ “Shine Cafe” ဆိုင်တွင် စားသောက်နေကြသည့် ရဲတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ရာ ရဲတစ်ဦးသေဆုံးသွားပြီး အဆိုပါရဲများနှင့်အတူစားသောက်နေသည့် ပြည်သူတစ်ဦးပါ ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်။