ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန် – ပြည်လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော ရဲနှင့်ပျူစောထီးတို့ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ နယ်ထိန်း၁ဦးနှင့် အရပ်သား၁ဦး သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ ၊တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က သတင်းထုတ်ပြန်သည်။
မတ်လ ၃ ရက်၊ မွန်းလွဲ ၃ နာရီ ၄၂ မိနစ်တွင် ရန်ကုန်-ပြည်ကားလမ်း၊ဂုံညင်းတန်းကျေးရွာရှိ Shine Café လက်ဖက်ရည်ဆိုင်၌ စားသောက်ရင်း ဆိုင်ကယ်ဖမ်းဆီးရန် စောင့်နေကြသည့် ရဲနှင့်ပျူစောထီးတို့ကို PDFရဲဘော်များက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲ ၃ ဦးနဲ့ပျူ ၂ ဦးက လက်ဖက်ရည်ဆိုင်ထိုင်နေချိန် နယ်ထိန်းကို အဓိကထားပစ်တာ ၆ ချက်။နယ်ထိန်းမင်းသွေးသေတယ်။ ၁ ယောက်က အရပ်သားလို့တော့ ပြောတယ်။ဒါပေမဲ့ ခွေးတွေနဲ့ အတူတူထိုင်နေတာ။ပျူ ၁ ယောက်ဒဏ်ရာရတယ်။မစ်ရှင်ကို ၁၀ မိနစ်အပြီး အမြန်ပြန်ဆုတ်လာတာ ”ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ ၊တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ တပ်ခွဲမှူး ရဲဘော်ဒေဝကပြောသည်။
ယင်းနေ့ ညနေ ၆ နာရီခွဲဝန်းကျင်တွင်အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ကား ၁ စီးဖြင့်ရောက်ရှိလာပြီး လမ်းသွားလမ်းလာပြည်သူများအား ပါးရိုက်၍ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
“ပျူနဲ့ရဲတွေက PDFတွေ စပစ်တော့ ခုံအောက်ဝင်ပုန်းနေကြတာ။သေနတ်သံလည်းတိတ်ရော သေ နတ်တွေကိုင်ပြီး ကားတွေကြားကနေ ပြေးတာ။လုပ်သွားတဲ့သူတွေ(PDF)က ပစ်ပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးနှင့်ဒဏ်ရာရရှိသူတို့ကို အုတ်ဖိုမြို့နယ်၊ဂုံညင်းတန်းရွာ လူမှုကူညီရေးအသင်းကား ၂ စီးဖြင့် ညနေ၅ နာရီခွဲဝန်းကျင်၌ အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အရပ်သား ၁ ဦးကို မှားယွင်းပစ်ခတ်မိသည့်အတွက် တောင်းပန်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ကထုတ်ပြန်ထားသည်။
ရဲ၊အရပ်သားနှင့် ပျူစောထီးတို့ သေဆုံး၊ဒဏ်ရာရသည့်အပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။