ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာရှိ စစ်တပ်သတင်းပေးဝင်းအောင်ဆိုသူကို မတ်လ ၁၊ နံနက်ပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
ပစ်ခတ်ခံခဲ့ရသည့် ဝင်းအောင်ဆိုသူသည် CDM ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များထံပေးပို့၍ ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်နေခြင်းကြောင့် ၎င်း၏နေအိမ်သို့သွားရောက်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“သူ့အိမ်သွားရှင်းတာ၊ မိသားစုတွေတော့ မပစ်ခဲ့ပါဘူး။ စစ်တပ်ဂိတ်နဲ့ကနီးတော့ အဲ့ဒီဘက်ကို ကာကွယ်တဲ့အနေနဲ့ ပစ်ခဲ့တယ်၊ ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းတစ်လုံးသိမ်းလာတယ်၊ ကျွန်တော်တို့ရဲဘော်တွေတော့ လုံခြုံတဲ့ နေရာပြန်ရောက်ပါပြီ”ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့စစ်ရေးတာဝန်ခံ ကိုဥက္ကာက ပြောသည်။
ထိုပစ်ခတ်မှုဖြစ်ပြီးနောက် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာသဖြင့် ဒေသခံပြည်သူများ ထိတ်လန့်နေကြကြောင်း အသက် ၃၀အရွယ်၊ ရွာခံအမျိုးသမီးတစ်ဦးကဆိုသည်။
“ဂိတ်နဲ့က အရမ်းမဝေးဘူး။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲလာရမယ်၊ အဲဒါ စစ်ဆေးရအောင်လာတာလို့ပြောတယ်၊ ဘယ်သူမှထွက်မကြည့်ရဲဘူး ကြောက်လို့၊ အလောင်းတော့သယ်မသွားဘူး။ အဲဒီအိမ်မှာပဲထားခဲ့တယ်”ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းက စစ်တပ်သတင်းပေးဝင်းအောင်နေထိုင်သည့် ကျေးရွာအနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးမှုများဖြစ်ပွားကြောင်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ ပြည်သူတွေ အခုရက်အဖမ်းခံနေရတယ်။ ရေငံရွာက အောင်သူဝင်းဟိုတစ်နေ့က(ဖေဖေါ်ဝါရီ ၂၇)လာဖမ်းသွားတယ်၊ နောက်အဲဒီရွာကပဲ ဇင်ကိုဆိုတဲ့ တစ်ယောက်မြို့သွားတာ ဂိတ်မှာအဖမ်းခံလိုက်ရတယ်၊ ထန်းတောရွာက အောင်ကိုမင်းလည်း အဖမ်းခံထားရတယ်ကြားတယ်၊ တစ်ယောက်မှ ပြန်မလွတ်သေးဘူး” ဟု ၎င်းက ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ရှင်းလင်းလိုက်သည့် ဝင်းအောင်ဆိုသူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းနေထိုင်သည့် ဆင်တလင်းအုပ်စု မဲရုံတွင် UBP ပါတီမဲရုံကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်ပြီး တပ်မတော်ထောက်ခံပွဲများကိုလည်း ဦးဆောင်ပါဝင်သူဖြစ်ကြောင်း သိရသည်။