စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကို မီးရှို့ဖျက်ဆီးစဉ် လေဖြတ်နေသည့် အသက်၈၀ကျော်အရွယ် အဘွား ၁ဦးပါ မီးလောင်သေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၉ရက်၊ နံနက် ၆နာရီ ဝန်းကျင်က မုံရွာမြို့နယ်၊ ကျောက်စစ်ပုံအမြောက်တပ်မှ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် တဲကြီးကုန်းကျေးရွာသို့ ဝင်ရောက်မီးရှို့ပြီးနောက်ကန်ပြားကျေးရွာသို့ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးစဉ် လေဖြတ်နေ၍ထွက်မပြေးနိုင်သော အဘွား မီးထဲပါကာ သေဆုံးသွားကြောင်း ဒေသခံ အမျိူးသား ကိုရဲဆိုသူကပြောသည်။
“ သေတဲ့သူက လေဖြတ်နေတာ မသွားနိုင်တော့ အိမ်ထဲမှာပဲနေတာ။ သူ့အိမ်မီးရှို့တော့ ပါသွားတာ။ ရုပ်အလောင်းကတော့ အောက်ပိုင်းတွေအကုန်လောင်သွားတယ်။ ခါးအထက်ကပဲကျန်ခဲ့တာ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် တဲကြီးကုန်း၊ ကန်ပြားနှင့် ပေကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ စုစုပေါင်းနေအိမ် ၂၅လုံးမီးလောင်ပြာကျခဲ့ပြီး ပေကုန်းကျေးရွာမှ နေအိမ် ၁လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ပျက်စီးခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
“ တဲကြီးကုန်းအရှေ့ရွာကိုအရင်ရှို့တယ်။ ပြီးတော့ အနောက်ရွာကိုရှို့တယ်။ တဲကြီးကုန်းကလည်း အရှေ့ရွာ၊ အနောက်ရွာရှိတာကိုး။ ပြီးတော့ ကန်ပြားကိုဝင်တယ်။ ရွာတောင်ဘက်ကိုထွက်တယ်။ ပြီးတော့ ပေကုန်းကိုထပ်ရှို့တယ်။ လက်နက်ကြီးကျတဲ့အိမ်ကလည်း အမိုးတွေကို ပွင့်ထွက်သွားတာ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် PDF တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ကိုရဲကပြောသည်။
“ သူတို့ပြောသွားတာကိုက ဘာမှမလုပ်ဘူး။ မီးရှို့ဖို့သက်သက်ပဲလာတာဆိုပြီး ပြောသွားတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် မီးရှို့ဖျက်ဆီးပြီးနောက် နံနက် ၁၁နာရီခွဲခန့်တွင် ကျောက်စစ်ပုံအမြောက်တပ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၈ရက်၊ ည ၉နာရီခန့်တွင် မုံရွာ၊ ကျောက်စစ်ပုံအမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး ရေကန်စုကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ် ၁ဦး သေဆုံးခဲ့ပြီး ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။