ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မရဲစခန်းမှ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာသည့် ရဲတပ်သား ကို ဆုငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း CDF-Mindat က သတင်းထုတ်ပြန်သည်။
မင်းတပ်မြို့မရဲစခန်းမှ ရဲတပ်သား လှိုင်မင်းထွန်းသည် G-3 သေနတ် ၁လက်၊ ကျည် ၈၄ တောင့် နှင့်အတူ ဖေဖော်ဝါရီနောက်ဆုံးပတ်၌ အလင်းဝင် လာခြင်းဖြစ်ကြောင်းသိရသည်။
“ကျနော်တို့ဆီကိုလာကြသူတွေက ပုံစံအမျိုးမျိုးနဲ့ချိတ်ဆက်တာရှိတယ်။တချို့က ရဲဘော်တွေကနေ တစ်ဆင့်ချိတ်ဆက်တယ်။ဒီရဲတပ်သားကတော့ ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်မှာ ပြည်သူကနေ တစ်ဆင့်ချိတ်ဆက်တာပါ။CDM မှာ ၂ ပိုင်းရှိတယ်။လက်နက်ပါတာရော မပါတာရောကျနော်တို့လက် ခံ တယ်။ လက်နက်ပါရင်တော့ ကျနော်တို့ပြောထားတဲ့အတိုင်း ဆုချီးမြှင့်ပါတယ်”ဟု CDF-Mindatမှ ဗဟိုကော်မတီ အတွင်းရေးမှူး(ပြောရေးဆိုခွင့်ရှိသူ)ဆလိုင်းဟာအွမ် ကပြောသည်။
ရဲတပ်သားလှိုင်မင်းထွန်းသည် CDF-Mindat ၏ ဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီဖြစ် ကြောင်းသိရသည်။
CDF-Mindat ထံသို့ အလင်းဝင်လာသည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဇာတိမြေသို့မပြန်ချင်ပါက မင်းတပ်မြို့နယ်အတွင်း တောင်ယာလုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားကြောင်းလည်း သိရသည်။
“ရဲ ဖြစ်ဖြစ် စစ်သားဖြစ်ဖြစ် အလင်းဝင်လာရင် လက်ခံတယ် ကြိုဆိုတယ်။လက်နက်ခဲယမ်းပါလာတယ်ဆိုတော့ ယုံကြည်မှုပိုရသလို တပ်ဖွဲ့အနေနဲ့လည်း သေနတ် ၁ လက်ရလိုက်တာပေါ့။ကျဆုံးနေတဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသေးတဲ့ စစ်သားနဲ့ရဲတွေလည်း အလကားအသေမခံပါနဲ့။ အမြန်ဆုံးနီးစပ်ရာ တပ်ဖွဲ့တွေဆီ အလင်းဝင်ကြပါ”ဟု CDM ဒုရဲအုပ် ပိုင်စိုးကပြောသည်။
CDF – Mindat သည်မင်းတပ်မြို့နယ်၏ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်းနှင့်မြို့မရဲစခန်း၌ သာ စစ်သားနှင့်ရဲတို့ ကျန်ရှိတော့ကြောင်း သိရသည်။