စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၈ ရက်က သေနတ်များပစ်ဖောက်ကာ ဝင်ရောက်လာပြီး ရွာသူ၊ ရွာသားများကိုမောင်းထုတ်ကာ မထွက်ခွာပါက ရွာလယ်တွင် လည်လှီးသတ်မည်ဟု အော်ဟစ်ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သူများက ဆိုသည်။
ထိုမာကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံ ရွာသူ၊ ရွားသားများအနေဖြင့် စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများ ယူဆောင်ချိန်မရဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ရွာအတွင်းကျန်ရစ်ခဲ့သူများလည်းရှိကြောင်း ရွာခံတစ်ဦးက MPA ကိုပြောသည်။
“ ရွာထဲကျန်ခဲ့တဲ့လူတွေလည်း ညကထွက်ခိုင်းတယ်လို့ပြောတယ်။ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေပါအကုန်ထွက်ခဲ့ကြပြီ။ မထွက်တဲ့လူတွေတွေ့ရင် ရွာလယ်မှာလည်လှီးသတ်မယ်လို့အော်တယ်တဲ့။ မနေ့ကတော့ ကားတွေနဲ့ရွာထဲကပစ္စည်းတွေသယ်ပြီး GTC ကျောင်းထဲကိုပို့နေကြတာ။ အိမ်တွေထဲလည်း မွှေနှောက်နေတော့ အတော်များများပါသွားပြီလို့ ပြောတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအတွင်းနေထိုင်သည့် ဒေသခံများကို မောင်းထုတ်ပြီးနောက် ရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်ကာ စားနပ်ရိက္ခာနှင့် တန်ဖိုးကြီးပစ္စည်းများကို ခိုးယူသယ်ဆောင်သွားကြောင်း ရွာခံများက တစ်ညီတစ်ညွတ်တည်းပြောသည်။
ထိုမာရွာသည် အိမ်ခြေ ၂၀၀၀ နီးပါးရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ဒေသခံများအနေဖြင့် တောတိုက်များအတွင်း ထွက်ပြေးရှောင်တိမ်းနေကြရကာ ရွာအတွင်းမှ လူလတ်ပိုင်းအရွယ် ၆ ဦးကိုလည်း စစ်ကောင်စီကဖမ်းဆီးထားသည်ဟုသိရသော်လည်း ဖမ်းဆီးခံထားရသူများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ကလေးတောင်ပိုင်းတွင် စစ်ကောင်စီတပ်စွဲထားသော ကလေးနည်းပညာတက္ကသိုလ်အတွင်းသို့ စစ်ကား ၃ စီးဖြင့် စစ်အင်အားဖြည့်တင်းခဲ့ပြီးနောက် အင်အား ၁၅၀ ခန့်ဖြင့် ထိုမာရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။
“ ဒီနေ့ထိတွေ့တိုက်ပွဲတော့မဖြစ်သေးဘူး။ မနေ့ကလည်းမဖြစ်ဘူး။ ၂၈ ရက်နေ့ကတော့ ထိုမာရွာတောင်ဘက် ထိုမာနဲ့သာယာဝတီရွာကြားမှာတော့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က ၃ ယောက်ကျတယ်ဗျ။ အဲ့ဒီနေ့က Mi35 နဲ့ နှစ်ခေါက်လာပစ်တယ်။ အဲ့ဒါပြီးတော့ ထိုမာရွာထဲပြန်ဆုတ်ပြီး ခုကရွာထဲမှာတပ်စွဲနေတဲ့ အနေအထားပါ” ဟု ၎င်းကရှင်းပြသည်။
ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ကလေးမြို့အနီးတဝိုက်နှင့် ကလေးမြို့စစ်ကောင်စီတပ်စခန်းများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် အရှိန်အဟုန်မြှင့်၍ တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မြို့ပေါ်နေပြည်သူများအား အမြန်ထွက်ခွာကြရန် ကလေးခရိုင်ပကဖက အသိပေးထုတ်ပြန်ခဲ့သည်။
“ ကလေးမြောက်ပိုင်းကတော့ လောလောဆယ်ငြိမ်နေတယ်ဗျ။ ကလေးမြို့ကနေတော့ မြောက်ပိုင်းကိုလက်နက်ကြီးထုနေတာတော့ ရှိတယ်။ ပုံမှန်လိုထုနေတာပဲ။ ဒါပေမယ့် အထိအခိုက်တော့မရှိသေးပါဘူး” ဟုကလေးမြောက်ပိုင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။
ကလေးမြို့နယ် စစ်မျက်နှာများအတွင်း စစ်ရေးတင်းမာနေသည့် အခြေအနေတွင်ရှိနေပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ကြရန်နှင့် ဘေးကင်းလုံခြုံသည့်နေရာတွင်နေထိုင်ကာ တော်လှန်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို အလေးထားလိုက်နာကြရန် မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားသည်။