မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ အထိုင်ချစခန်းမှ စစ်သားများ စွန့်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၉ ရက်၊နံနက် ၉ နာရီ ၀န်းကျင်၌ Well 2 ရေနံမြေစခန်းရှိ စစ်သား ၅၀ ခန့်တို့သည် ဖေဖော်ဝါရီ ၂၂ ရက်က ယင်းရေနံမြေသို့ ရောက်လာသော စစ်ကြောင်းနှင့် ပူးပေါင်းကာ စခန်းစွန့် ထွက်ခွာခဲ့ကြခြင်းဖြစ်ပြီး မြိုင် စက်မှု- ၂ နှင့် ၀က်ပုတ် ပျူစောထီး ကျေးရွာ အတွင်းသို့ နေ့ခင်း ၁၂ နာရီ ခန့်၌ ၀င်သွားကြကြောင်း သိရသည်။
” မနက် ၉ နာရီ ၀န်းကျင်လောက်က ထွက်သွားတာ ။ ၀က်ပုတ်နဲ့ စက်မှု- ၂ ကို ၁၂ ၀န်းကျင် ေလာက် ရောက်သွားတယ်၊ Well 2 နဲ့ ၀က်ပုတ်က ၄ မိုင်လောက်ကွာတယ်။ ၀က်ပုတ်ကနေ မြိုင် စက်မှု- ၂ ကိုလည်း ၄ မိုင်လောက် ကွာတယ် ” ဟု မြိုင်ပကဖ ၊ ပြန်ကြားရေးတာ၀န်ခံ ရဲဘော် သုတ က ပြောသည်။
Well 2 ရေနံမြေ သည် စစ်တပ်က အင်အား အပြည့်အစုံ ဖြင့် လုံခြုံရေး ယူထားသော ရေနံမြေ ဖြစ်ပြီး မည်သို့သောအကြောင်းကြောင့် စွန့်ခွာသွားသလဲ ဆိုသည်ကိုမူ မသိရသေးပေ။
“ တကယ်တော့ သူတို့ သေချာ ကို ခံစစ်ပြင်ထားတဲ့ သဘောပဲ ။ နယ်မြေ ရှင်းလင်းရေး ၀င်တဲ့ အချိန်မှာ ဘန်ကာတင် ၁၆ ခု ရှိတယ်။ အားလုံးကလည်း အခိုင်အမာ ကို လုပ်ထားတယ်” ဟု ၎င်းက ပြောသည်။
Well 2 ရေနံမြေအတွင်း ၌ စစ်ကောင်စီတပ် အထိုင်ချခဲ့သော အဆောက်အအုံများ၊ ဘန်ကာများ နှင့် ကျန်ရှိခဲ့သော စစ်အသုံးအဆောင်များကို နယ်မြေရှင်းလင်း ချိန်၌ ဖျက်ဆီး ပစ်ခဲ့ကြောင်း နယ်မြေ ရှင်းလင်းစဉ် ပါ၀င်သော PDFရဲဘော်တစ်ဦးထံ က သိရသည်။
“ ကျနော်တို့ ရဲဘော်တွေ ညမှောင်မှ ပြန်ရောက်တယ်။ နယ်မြေ ရှင်းလင်း လာတာ။ သူတို့ အထိုင်ချ နယ်မြေ တွေ အားလုံးကိုလည်း ရှင်း လင်းနိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။
Well 2 ရေနံမြေစစ်တပ်စခန်းသို့ မြေပြင် စစ်ကြောင်းဖြင့် ရိက္ခာ မပို့နိုင်သည်မှာ ၆ လ ကျော် ရှိပြီ ဖြစ်ကာ လေယာဉ်ဖြင့်သာ ရိက္ခာ ဖြည့်တင်းခဲ့ရသည်။
well 2 ရေနံမြေအတွင်း ပြည်သူများ ခရီးသွားလာနိုင်ရန်အတွက် နယ်မြေ ရှင်းလင်းမှုများ ဆက်လုပ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြိုင် ပကဖ ထံက သိရသည်။