By MPA
အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သြဂုတ်လ ၆ ရက် နေ့လယ်ပိုင်းက ကိုယ်စားလှယ် စေလွှတ်၍ တွေ့ဆုံဆွေးနွေးခိုင်းခဲ့ကြောင်း နေပြည်တော် အသိုင်းအဝိုင်းမှ သိရသည်။
သြဂုတ်လ ၁ ရက်နေ့ စစ်ကောင်စီက အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ဝန်ကြီး ဒေါက်တာ ချစ်နိုင်(စိတ်ပညာ) နှင့် အလုပ်သမားဝန်ကြီး ဦးဝင်းရှိန်တို့ ၂ ဦးမှ ကိုယ်စားလှယ်အဖြစ် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီး ၂ ဦး သွားရောက်ဆွေးနွေးခဲ့သော်လည်း မည်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းကို မသိရှိရသေးပေ။
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့မသိပါဘူး။ နောက်ပြီး တကယ်တွေ့ဖြစ်တယ် ဆိုရင်တောင် ကျနော်တို့ သိဖို့မရှိပါဘူး။ ဒါပေမယ့် ရုံးချိန်းတွေမှာ တွေ့ဖြစ်ရင်တော့ မေးကြည့်တာမျိုး လုပ်လို့ရတာပေါ့။ အခုက ဇူလိုင် ၁၃ ရက်ထဲက ကျနော်တို့နဲ့ နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ အဆက်အသွယ်မရှိပါဘူး ” ဟု နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့နေတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကဆိုသည်။
လက်ရှိတွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဇမ္ဗူသီရိမြို့နယ်ရှိ တပ်မတော်ဧည့်ရိပ်သာတွင် ထားရှိထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသော်လည်း MPA အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့က ဖေ့ဘွတ်လူမှုကွန်ယက်တွင်ပျံ့နှံ့ နေသည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံနေသည့်ပုံသည် ယခင်ပုံအဟောင်းသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးခဲ့သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စရပ် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယ–ဗိုလ်ချုပ်ကြီး ရာပြည့်အား အပတ်စဥ်တွေ့ဆုံရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ယခုတကြိမ်သည် ကိုယ်စားပြု သွားရောက်တွေ့ဆုံခြင်းက ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် အာဇာနည်နေ့မတိုင်ခင် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သွားတွေ့ခဲ့သေးသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ယနေ့အချိန်အထိ စစ်ကောင်စီဘက်မှ သတင်းမထုတ်ပြန်သလို ငြင်းဆိုခြင်းလည်း တရားဝင် မပြုလုပ်ခဲ့ပေ။
#အတိုင်ပင်ခံပုဂ္ဂိုလ် #ဒေါ်အောင်ဆန်းစုကြည် #စစ်ကောင်စီ #MPA