တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် မဟာဗျူဟာမြောက် ထိုးစစ်များ ဆင်နိုင်ရန် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်းသိရသည်။
ယနေ့(ဧပြီ၃၀ရက်) ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် NUG၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယင်းသို့ ပြောသည်။
“ ပြီးခဲ့တဲ့ စစ်ဆင်ရေးတွေမှာဆိုရင်လည်းပဲ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့သာ ချိတ်ဆက် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်ဆိုတာကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့တာရှိပါတယ်။ အဲ့လိုပဲ ဒါတွေက ပြီးသွားပြီမဟုတ်ဘူး ။ဒီထပ်ပိုတဲ့ တစ်နိုင်ငံ လုံး လွတ်မြောက်ရေးအတွက် ကျတော်တို့ ချိတ်ဆက်ပြီးတော့ တချို့သော သဘောတူညီချက်တွေနဲ့ ဆောင်ရွက်နေတာတွေ ၊မဟာဗျူဟာမြောက် ထိုးစစ်တွေဆင်နိုင်ဖို့လည်း ညှိနှိုင်းသဘောတူညီ ချက်တွေ ရှိထားပြီးသား ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
NUGအစိုးရအနေဖြင့် စတင်ဖွဲ့စည်းချိန်မှစ၍ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးသဘောတူညီမှုနှင့် စစ်ရေးသဘောတူညီမှုများ ရရှိရန် နည်းလမ်းပေါင်းစုံဖြင့် နေ့စဉ် ရက်ဆက်ကြိုးစားခဲ့ကြောင်းလည်း ဦးနေဘုန်းလတ်က ပြောသည်။
“ ကျတော်တို့တစ်ဖွဲ့မကျန် နည်းလမ်းပေါင်းစုံနဲ့ပေါ့။ နည်းလမ်းပေါင်းစုံဆိုတဲ့အခါမှာ တရားဝင် ကျတော်တို့ စကားပြောတာတွေရှိတယ်။အဲ့လိုပဲ လူပုဂ္ဂိုလ်အစုအဖွဲ့ကနေ စကားပြောတာတွေ ရှိတယ်။ လူပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့သာ ခင်မင်မှုအရ စကားပြောပြီး ဆောင်ရွက်တာတွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
NUGအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့ကြား ညီညွတ်မှုရှိနေခြင်းအပေါ် အချို့သော အခက်အခဲနှင့် ဖိအားများကြောင့် မထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
“ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်ရှိနေတယ်ဆိုတာကို ပြည်သူတွေကို ဖော်ပြချင်ပေမဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေမှာလည်း အချို့သော အခက်အခဲတွေ ၊အချို့သော ဖိအားတွေပေါ့နော်။ ဒါတွေလည်း အားလုံးပဲ သိပြီးသားဖြစ်ပါလိမ့်မယ်နော်။ဒါတွေဟာ ရှိနေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဟာ တချို့ကိစ္စတွေကို publicအထိလုပ်ကိုင်ဆောင်ရွက်လို့မရတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
NUG၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကလည်း NUGအစိုးရအနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးတွင် အားကောင်းသည့် အနေအထားတစ်ခုသို့ရောက်ရှိနေပြီဖြစ်ကြောင်း ပြောသည်။
“ ကျတော်တို့ စုဖွဲ့မှုက နိုင်ငံရေးအရရော စစ်ရေးအရရော အားကောင်းနေပြီ။ ရပ်တည်အချက်အရလည်း ခိုင်ခိုင်မာမာရှိပြီ။ တော်လှန်ရေးကို ဘယ်လိုလုပ်ငန်းစဉ်နဲ့ သွားမလဲဆိုတာကိုလည်း သေသေချာချာ ညှိုနှိုင်းပြီးပါပြီ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် NUGအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ရရှိထားသည့် သဘောတူညီမှုများကို ပြည်သူ့ထံ တရားဝင်ချပြနိုင်ခြင်းမရှိသည့်အပေါ် နားလည်ပေးရန် ဦးနေဘုန်းလတ်က မေတ္တာရပ်ခံသည်။