အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက မြန်မာတစ်နိုင်ငံလုံးတွင် စိုးမိုးထိန်းချုပ်နယ်မြေ ရာခိုင်နှုန်း ၆၀ ကျော် ရရှိထားပြီဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ယနေ့ (ဧပြီ၃၀ရက်) ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ထိန်းချုပ်နယ်မြေနဲ့ပတ်သက်ရင် သုံးမျိုးပြောရမှာပေါ့နော်။စိုးမိုးနယ်မြေရယ်၊ထိန်းချုပ်နယ်မြေ နဲ့လွတ်မြောက်နယ်မြေရယ်။၆၀ ရာခိုင်နှုန်းကျော်ဆိုတာကတော့ သုံးမျိုးလုံးကိုခြုံငုံပြီးတော့ ၆၀ ရာခိုင်နှုန်းကျော်လို့ ပြောတာပေါ့နော်” ဟု ၎င်းကပြောသည်။
ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဦးနေဘုန်းလတ်က ပြောသည်။
“ စိုးမိုးထားတယ်ဆိုတာကတော့ တချို့သော လမ်းပိုင်းတွေပါသလို တချို့သော ကျေးရွာတွေပေါ့နော်။ ဒါတွေကို စိုးမိုးထားနိုင်တဲ့အနေအထားဖြစ်ပါတယ်။ထိန်းချုပ်ထားတဲ့အနေအထားမှာတော့ ကျတော်တို့က ဒီစစ်ကောင်စီတပ်တွေ ဘယ်လိုမှ ဝင်လာလို့မရဘဲ ကျတော်တို့က ထိန်းချုပ်ပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စိုးမိုးထိန်းချုပ်နယ်မြေများတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ လွတ်မြောက်နယ်မြေများကိုပါ ထည့်သွင်းပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။
“ လွတ်မြောက်နယ်မြေဆိုတာကတော့ အကြမ်းဖက်စစ်အုပ်စု အနေနဲ့ လေကြောင်းက လွဲပြီးတော့ ကုန်းကြောင်း၊ရေကြောင်းက ဝင်လို့မရဘဲ တော်လှန်ရေးအင်အားစုတွေဘက်က အလုံးစုံ အစစအရာရာ စီမံခန့်ခွဲတဲ့အနေအထားမျိုးကို လွတ်မြောက်နယ်မြေလို့ခေါ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်သူများ၏ ထောက်ခံမှုကြောင့် စိုးမိုးနယ်မြေများတွင်သာမက စစ်ကောင်စီ အုပ်ချုပ်နေသည့် နယ်မြေများတွင်ပါ စစ်ရေး အသာရရှိလာကြောင်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောသည်။
“ ဒီစိုးမိုးနယ်မြေတွေမှာ ပြည်သူလူထုရဲ့ထောက်ခံမှုအပြည့်အဝရှိပါတယ်။စိုးမိုးနယ်မြေတွေ သာမကပါဘူး။အခုစစ်ကောင်စီရဲ့ နည်းနည်းသာ ကျန်တော့တဲ့ အုပ်ချုပ်နိုင်တဲ့ မြို့ကြီးပြကြီးတွေမှာဆိုရင်လည်း ကျတော်တို့တွေ ပြည်သူတွေရဲ့အကူအညီနဲ့ ထောက်ခံမှုနဲ့ ဒီတိုက်ပွဲတွေကို ဆင်နွှဲနိုင်လာတာဖြစ်တယ်” ဟု၎င်းကပြောသည်။
စစ်ကောင်စီ၏ အသည်းနှလုံးဟု ဆိုရမည့် နေပြည်တော်ရှိ အရေးကြီးပစ်မှတ်များ ဖြစ်သော စစ်ရုံး ချုပ်၊ မင်းအောင်လှိုင်၏နေအိမ်နှင့် အေလာလေတပ်စခန်းတို့ကိုပါ တိုက်ခိုက်လာနိုင်ကြောင်း ဦး ကျော်ဇောက ပြောသည်။
ဧပြီ လေးရက်တွင် အထက်ပါ နေပြည်တော် စစ်ရေးပစ်မှတ်များဆီသို့ ဒရုန်း ၃၅စင်း ပစ်လွှတ်ခဲ့ရာ ၂၉စင်းမှာ ပစ်မှတ်ဆီသို့ ရောက် ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။