တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူ ၆၀နီးပါးသည် အပူဒဏ်ကြောင့် ယားနာနှင့် အရေပြားရောဂါများခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ၂၀၂၄ခုနှစ်၊ ဧပြီ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၄ခုနှစ်၊ မတ်လမှ စတင်ကာ ထားဝယ်အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသူများသည် ယားနာမှ တစ်ဆင့် အနာစိမ်းများပါ ဖြစ်ပွားနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကို တည်ထောင်သူ မဇူးဇူးမေယွန်းကပြောသည်။
“ အဓိက ဖြစ်နေတာကတော့ အပူဒဏ်ကြောင့်ပေါ့၊ ကျမတို့ အပြင်က လူတွေတောင် ရာသီဥတု ပူတဲ့ဒဏ်ကို ဒီလောက် ခံစားနေရရင် အကျဉ်းထောင်ထဲကလူတွေဆို ပြောစရာစကားလုံးတောင် မရှိတော့ဘူး။ ပူတာတွေကယားနာတွေ ဖြစ်တယ်။ အဲ့ဒီနေ အနာစိမ်းတွေပါပြန်ဖြစ်ကြတယ်” ဟု မဇူးဇူးမေယွန်းက ပြောသည်။
ထားဝယ်အကျဉ်းထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသူများ ထိုကဲ့သို့ဖြစ်ပွားနေသော်လည်း အကျဉ်းဦးစီးဌာနမှ ပါရာစီတမော့ တစ်မျိုးတည်းသာ ပေးနေကြောင်း ၎င်းအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ အခန်းထဲတွေထဲမှာ လူတွေကို အများကြီးထားတော့ ရာသီဥတု အပူဒဏ်ရယ်၊ လူအပူတွေရယ်ကြောင့်ပါ၊ အများဆုံး လူ ၅၀လောက် ထားရမယ့် အခန်းက ၆၀ကျော်လောက် ထားတော့ ဖြစ်ကုန်ကြတာ၊ လူ ၆၀ကျော်ရှိရင် ၄၀လောက်က အဲဒါမျိုးတွေ ခံစားနေကြရပါတယ်” ဟု ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်က နိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ်နေမှုများအပေါ် ရှုတ်ချကြောင်းနှင့် နိုင်ငံရေးအ ကျဉ်းသူများအဖွဲ့မှ ရသည့်နည်းဖြင့် ကူညီမှုများ ပြုလုပ်သွားဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။