ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းနေရာအချို့တွင် စစ်ကောင်စီတပ်သားများ အင်အား ၁၀၀ ခန့်ဖြင့် နေရာယူတပ်စွဲထားကြောင်း မြဝတီမြို့ခံများထံမှ စုံစမ်းသိရသည်။
မြဝတီမြို့၊ ခလရ ၂၇၅ တပ်အတွင်းသို့ စစ်ကောင်စီဘက်မှ တပ်ကူနှင့် ရိက္ခာများ ဧပြီ ၂၉ ရက်တွင် လာရောက်ပို့ဆောင်ခဲ့ပြီးနောက် ဧပြီ ၃၀ ရက်တွင် မြဝတီမြို့တွင်းရှိ ကုန်းမြင့်သာယာစျေးအနီး၊ မွန်ကျောင်းအရှေ့ ဆရာစံပုကျောင်းဝင်းအတွင်း နေရာယူထားကြကြောင်း သိရသည်။
“မနေ့က စစ်သားတွေကို ရဟတ်ယာဥ်နဲ့လာချသွားပြီးတော့ ဒီနေ့ ကုန်းမြင့်သာယာစျေးနား၊ မွန်ကျောင်းအရှေ့က ဆရာစံပုကျောင်းဝန်းထဲမှာ အင်အားတော်တော်များများ နေရာယူထားတာတွေ့ရတယ်။ တခြားနေရာတွေမှာလည်း နဲနဲစီနေရာယူထားကြတယ်။ စုစုပေါင်းဆိုရင် အင်အား ၁၀၀ လောက်ရှိတယ်” ဟု မြဝတီမြို့ခံတစ်ဦးက MPA ကိုပြောသည်။
ထို့ပြင် မြဝတီမြို့တွင်း၌လည်း စစ်ကောင်စီတပ်သားများ၊ BGF (KNA)တပ်များဖြင့် ပူးပေါင်းကာ ကင်းလှည့်နေခြင်းများရှိနေပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း မြဝတီမြို့တွင်အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
“မြို့ထဲမှာလည်း စစ်သားအများအပြားပြန်တွေ့နေရတယ်၊ BGF နဲ့ပေါင်းပြီးကင်းလှည့်တာရော၊ အထိုင်ချနေရာယူထားတာတွေရောတွေ့ရတယ်၊ စစ်သားတွေပြန်ရောက်လာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည် ဧပြီ ၂၀ ရက်က ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားအနီး မြန်မာဘက်ခြမ်းတွင် နေရာယူထားသော စစ်ကောင်စီတပ်သားများအား KNLA, PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြဝတီမြို့ရပ်ကွက်အချို့အတွင်းသို့ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရသည်။