ရန်ကုန်မြို့၌ ခိုးမှု၊ လုယက်မှု အသေးစားများ ဖြစ်ရာတွင် ရဲကို မယုံကြည်သဖြင့် တိုင်ကြားခြင်း မပြုခဲ့ကြဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့၌ စက်ဘီးခိုးယူခံရမှုသည် အများဆုံးဖြစ်လေ့ရှိပြီး ယခင်က ထိုသို့ ဖြစ်ပါက ရဲစခန်းသို့ အကြောင်းကြားခြင်းများရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် အဆိုပါဖြစ်စဉ်များတွင် ပျောက်ဆုံးသူများက ရဲစခန်းသို့ တိုင်ကြားခြင်းမရှိတော့ကြောင်း ဧပြီလအတွင်း စက်ဘီးပျောက်ဆုံးခဲ့သည့် တောင်ဒဂုံမြို့နေ၊ အသက် ၂၀အရွယ် လူငယ်တစ်ဦးက ပြောသည်။
“ စက်ဘီးပျောက်လို့ သွားမတိုင်တော့ဘူး။ တိုင်လည်း ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး။ ဟိုတစ်နေ့ကတင် အိမ်ထဲထိ ဝင်ခိုး ခံလိုက်ရသေးတယ်။ ရဲတိုင်ရင် သူတို့ကို ပေးရမှာက စက်ဘီးဖိုးထက် ပိုများမယ်” ဟု ၎င်းက ပြောသည်။
အလားတူ ဧပြီလအတွင်း သင်္ဃန်းကျွန်းမြို့နယ်၌ ဆွဲကြိုးလုယက်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးကလည်း လုယက်ခံခဲ့ရ သည့်နေရာအား ရှောင်ကွင်းသွားလာသည်မှ လွဲ၍ လုယက်ခံရမှုဖြစ်စဉ်အား ရဲစခန်းသို့ တိုင်ကြားခြင်းမရှိခဲ့ကြောင်း ပြောသည်။
“ စက်ဘီး စီးလာတာကို အနောက်ကနေ ဆိုက်ကယ်နဲ့ ဆွဲကြိုးဖြတ်လုသွားတာ၊ အဲ့ဒီအစ်မက ရဲမတိုင်တော့ဘူးတဲ့၊ အဆုံးပဲခံလိုက်တယ်။ နောက်ပိုင်း အဲ့ဒီနေရာကို မသွားတော့ဘူး” ဟု ရွှေဆွဲကြိုး လုယက်ခံခဲ့ရသူတစ်ဦး၏ မိတ်ဆွေက ပြောသည်။
ထို့ပြင် YBS များပေါ်တွင်လည်း ခါးပိုက်နှိုက်ဖြစ်စဉ်များ နေ့စဉ် ဖြစ်ပွားနေဆဲဖြစ်ပြီး ခါးပိုက်နှိုက်ခံရသူ အများစုသည် ရဲစခန်းသို့ တိုင်ကြားခြင်း မပြုလုပ်ကြောင်း ဆိုကြသည်။
“ ခါးပိုက်နှိုက်ကို မိရင်တောင် ဝိုင်းဆုံးမပြီး ပြန်လွှတ်တာမျိုးဘဲ လုပ်ကြတော့တယ်။ ရဲကို တိုင်လည်း ဒီကောင်တွေက ပြန်လွှတ်ပေးတာပဲ။ ဘာမှမထူးဘူး” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးရန်အတွက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ကြိုးစားဆောင်ရွက်သော်လည်း ခိုးဆိုး၊ လုယက်မှုများဖြစ်လာပါက ကျူးလွန်သူများကို အမှုဖွင့်ထောင်ချခြင်း မျိုးမပြုလုပ်ဘဲ ငွေတောင်းခံကာ ညှိနှိုင်း၍ ပြန်လွှတ်ပေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။