မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီးရှိ PDF သိမ်းလိုက်သည့် သရက်ကုန်းတပ်စခန်း ပြန်လည်ရရှိရေး အတွက် စစ်ကောင်စီတပ်က ဆက်တိုက် တိုက်ခိုက်နေသဖြင့် ဒေသခံ ၃၀၀၀ကျော် စစ်ဘေးရှောင် နေရဆဲဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်အတွင်းရှိ MDY PDF သိမ်းပိုက်ထားသည့် သရက်ကုန်းတပ်စခန်း ပြန်လည်ရရှိရေးအတွက် စစ်တပ်ဘက်က တိုက်ခိုက်နေသောကြောင့် သရက်ကုန်းရွာအပါအဝင် ကျေးရွာ ၁၅ရွာကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ မြေပြင်စစ်ကြောင်းတွေရော ၊လေကြောင်းတိုက်ခိုက်မှုတွေရော တောက်လျှောက်ဆိုသလိုသုံးပြီး စစ်တပ်ဘက်က သရက်ကုန်းစခန်းကို ပြန်ရဖို့ ကြိုးစားနေတာတွေ့ရပါတယ် “ ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPA သို့ ပြောသည်။
သရက်ကုန်းတပ်စခန်းကို ဧပြီ၁၅ရက် ညနေပိုင်းတွင် MDY PDF က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ယင်း စခန်းသည် ပြင်ဦးလွင်မြို့နှင့် ၁၀မိုင်သာ ကွာဝေးကာ စစ်တပ်အတွက်အရေးပါသည့်တပ်စခန်း တစ်ခု ဖြစ်သည်။
“ သရက်ကုန်းဘက်ကို လက်နက်ကြီးတွေပစ်တယ်။ အင်အားတိုးပြီး မြေပြင်စစ်ကြောင်းတွေပါ ထိုးတော့ အနီးနားရွာတွေ အကုန်ပြေးကြရတာ။ နီးစပ်ရာဆွေမျိုးအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်ကြတယ်” ဟု နောင်ချိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောသည်။
ဧပြီ၁၉ရက်မှ ၂၅ရက်အထိ တစ်ပတ်တာဖြစ်ပွားခဲ့သော သရက်ကုန်းတိုက်ပွဲတွင် စစ်သား ၅၉ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ ၂၆ ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ ၈ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသေးသည်။