မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သက်တော် ၈၃ နှစ်၊ သိက္ခာတော် ၄၅ ဝါသည် ယနေ့ မွန်းလွဲပိုင်းတွင်ပျံလွန်တော်မူသွားကြောင်း သိရသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ည ၁ နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ (၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊(၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀ ရက်)၊ အင်္ဂါနေ့၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဉေယျဓမ်တောရတွင် ဆရာတော် ပုံမှန်တရားအားထုတ်နေစဉ် ခန္ဓာဝန်ချ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဆရာတော်ဘုရား နေမကောင်းဘူးလို့ သိတာပဲ။ အတိအကျတော့မသိသေးဘူး” ဟု ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဆရာတော်ဘုရားအား နောက်ဆုံးဖူးမျှော်ခွင့်ရခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ခန္တာဝန်ချသွားခြင်းနှင့်ပတ်သက်၍ ကိုးကွယ်ယုံကြည်သူအများအပြားမှ ကြီးမားသောဆုံးရှုံးမှုကြီးတစ်ခုဟု လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက်ပြုရေးသားလျက်ရှိသည်။
“ ဝိနည်းသိက္ခာလွန်စွာလေးစား၍ လာဘမမက်တဏှာဖြတ်လျက် သီလ၊ သမာဓိ၊ ညဏ်ပညာတို့နဲ့ ပြည့်စုံလွန်းလှသော ဆရာတော်ကြီးပါတကား။ ကြီးမားသောဆုံးရှုံးမှုကြီးပါလေ” ဟု အမျိုးသားတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာအကောင့်တွင် ပြောဆိုသည်။
ဆရာတော်ဘုရားကြီးသည် ၁၃၅၇ ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ ၂၂ ရွာ၊ လီရှော ၄ ရွာတို့မှ လူ ၂,၀၀၀ ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
ယင်းတိုင်းရင်းသားများ ဒေသန္တရဗဟုသုတရ တိုးပွားရန်ရည်သန်၍ ၁၃၅၈-ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်နေ့တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခဲ့သည်။
ထိုသို့သော အကြောင်းများကြောင့် “ မဟာဗောဓိမြိုင် ဆရာတော်” ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှားခဲ့ခြင်းဖြစ်သည်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ကောဇာသက္ကရာဇ် ၁၃၁၇ ခု (၁၄ နှစ်သား) အရွယ်တွင် ကိုရင်အဖြစ်နှင့် သာသနာ့ဘောင်ကို ဝင်တော်မူခဲ့ပြီး ၁၃၂၇ နှစ် (၂၄ နှစ်သား) တွင် လူထွက်ကာ ၁၃၄၁ ခုနှစ် (၃၈ နှစ်) တွင် ဒုတိယအကြိမ်အဖြစ် ယနေ့အထိ ရဟန်းပြန်ဝတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။