ထင်ရှားကျော်ကြားသူများ၏ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ဖုန်းပြင်ဆိုင်များ ကို ယုံကြည်မှု ကျဆင်းလာကြောင်း ရန်ကုန်မြို့ခံ လူငယ်များက ပြောသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် SureFix ဖုန်းပြင်ဆိုင်မှ ၀န်ထမ်းတစ်ဦးသည် ၎င်း၏ ပုဂ္ဂလိက ဆန္ဒဖြင့် ဖုန်းပြင်သူတစ်ဦး၏ ဖုန်းထဲမှ အချက်အလက် ပေါက်ကြားစေခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း လူသိများသည့် လူငယ်တစ်ဦး၏ မိုဘိုင်းဖုန်းအား ပြင်ရာမှ ကိုယ်ရေးအချက်အ လက်သည် လူမှုကွန်ရက်တွင် ပေါက်ကြားခဲ့သဖြင့် ဖုန်းပြင်ဆိုင်များအပေါ် ဝေဖန်မှုများ မြင့်တက်လာခြင်းဖြစ်သည်ကို တွေ့ရသည်။
“ အခုဖြစ်တာဆို နာမည်ကြီး ဆိုင်တွေက ဖြစ်နေတာမျိုး၊ ဆိုင်နဲ့ မဆိုင်ဘူးဆိုပြီး လုပ်တဲ့သူကိုပဲ ပြောဆိုပေမဲ့ ဒီလို ဆိုင်ကြီးတွေတောင် စိတ်မချရပါလားလို့ တွေးလာရတာပေါ့” ဟု နယ်မှ ရန်ကုန်သို့ အလုပ်လာရောက်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်းများအတွင်း ဘဏ်အကောင့် မှစ၍ ကိုယ်ရေးအချက်အလက်များ ရှိတတ်သဖြင့် အဆိုပါ အချက်အလက်များ ခိုးယူခံရမည့် အပေါ်လည်း စိုးရိမ်မှုများ ရှိသည်ကို တွေ့ရသည်။
“ အီးမေးလ် တွေ ခိုးခံထားလိုက်ရတာမျိုးဆိုရင် သတိထားမိဖို့က မလွယ်ဘူး။ အလွယ်တကူ ဘဏ်အကောင့်တွေ ကို ချိတ်လိုက်လို့ရသလို တခြား ကိုယ့်ဆီက လျှို့ဝှက်အချက်အလက်တွေလည်း ပေါက်ကြားမလား စိုးရိမ်ရတာပေါ့” ဟု ပြည်တွင်း သတင်းထောက် တစ်ဦးက ပြောသည်။
ထိုသို့ မဖြစ်စေရန် ဖုန်းအတွင်းရှိ မပေါက်ကြားစေလိုသည့် အချက်များကို ကြိုဖျက်ထားရန် ပြောဆိုမှုများ ရှိသလို ယင်းမှာ လက်တွေ့မကျဟုလည်း တန်ပြန်ပြောဆိုမှုများ ရှိသည်။
“ ဖုန်းထဲက ဒီလို ဗီဒီယိုတွေ ပေါက်ကြားမှ မဟုတ်ဘူးလေ၊ အခြား ဟာတွေလည်း ရှိသေးတယ်လေ၊ ကိုယ့်ဖုန်းထဲ ကိုယ့်ဟာကိုယ် ဘာထည့်ထားထည့်ထားလေ၊ ခိုးယူတဲ့သူတွေ မရှိအောင် ဆိုင်ရှင်တွေက သေချာကြီးကြပ်ပေးရမှာပေါ့၊ဘယ်တော့ပျက်မလဲမှ ကြိုမသိတာ” ဟု ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
ဖုန်းပြင်ဆိုင်များမှ ပေါက်ကြားသည်ဟု ယူဆရသည့် စုံတွဲများ၏ ချစ်တင်းနှော ဗီဒီယိုများက တယ်လီဂရန် ချန်နယ်များ၌ ရာနှင့်ချီ၍ရှိနေပြီး ယင်း ပေါက်ကြားမှုများတွင် လူသိများ ထင်ရှားသူများလည်း ပါဝင်နေသည်ကို တွေ့ရသည်။