ဗီဇာသက်တမ်းကုန်နေသည့် မြန်မာလုပ်သား ၁၁ ဦး ဖမ်းဆီးအကျဥ်းချခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်သည့် အခြေအနေကြုံတွေ့နေရကြောင်း မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေးကော်မတီ (MHAC) မဟာမိတ်အဖွဲ့ထံမှ ဧပြီ ၃၀ ရက်တွင် စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဧပြီ ၂ ရက်တွင် ထိုင်းနိုင်ငံ၊ ဆာမူစာခွန်ခရိုင်၊ ထပ်ကျင် KM စျေးအနီးရှိ နာနတ်သီးစက်ရုံတစ်ရုံအား ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးစဥ် ဗီဇာသက်တမ်းကုန်နေသည့် မြန်မာလုပ်သား ၁၁ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါမြန်မာလုပ်သားများသည် စက်ရုံတွင် လုပ်သက်တစ်နှစ်မှ သုံးနှစ်အထိ ကြာမြင့်နေသူများဖြစ်ပြီး သူဌေးပြောင်းခတစ်ဦးလျှင် ဘတ် ၆,၅၀၀ မှ ၇,၀၀၀ ကျော်အထိ ပေးခဲ့ရခြင်းကြောင့် အထောက်အထားပြည့်စုံသည်ဟုထင်မှတ်ကာ အာဏာပိုင်များဝင်ရောက်စစ်ဆေးစဥ် မတိမ်းရှောင်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“သူတို့က လုပ်သက်လဲကြာနေပြီ သူဌေးပြောင်းခလဲပေးပြီးပြီဆိုတော့ စာရွက်စာတမ်းပြည့်စုံတယ်ထင်ပြီး တောမောင်းတွေ၊ အာဏာပိုင်တွေလာတော့ မရှောင်ကြတာ၊ ကျန်တဲ့အထောက်အထားမပြည့်စုံတဲ့သူတွေက တော့ရှောင်သွားကြတယ်၊ သူတို့ကိုစစ်တဲ့အချိန်မှာ သူဌေးမတူတာ၊ အချို့ဆို Work Permit (အလုပ်လုပ်ခွင့်)နဲ့ ဗီဇာသက်တမ်းကုန်နေတာဆိုတော့ အဖမ်းခံရတာ” ဟု ၎င်းကဆိုသည်။
မြန်မာလုပ်သား ၁၁ ဦးကိုဖမ်းဆီးခဲ့သည့်နေ့၌ပင် ထိုင်းအာဏာပိုင်များက တရားရုံးသို့တင်ကာ ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောင်ကျခဲ့သည့် မြန်မာလုပ်သား ၁၁ ဦးအား ထောင်သက်ကုန်ဆုံးချိန်တွင် မဟာချိုင်ရဲစခန်းအချုပ်တွင် ပြောင်းရွေ့ထိမ်းသိမ်းထားပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်သည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း MHAC မဟာမိတ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ထပ်မံပြောဆိုသည်။
“သူတို့ ဖမ်းဆီးထောင်ချခံထားရလို့ ကျွန်တော်တို့က ကိုရဲမင်းဦးဆောင်တဲ့ MHAC ကို အကူအညီတောင်းပြီးတော့ အာမခံနဲ့ ထုတ်ဖို့ကြိုးစားပေမယ့် ထိုင်းဥပဒေအရ မရခဲ့ဘူး။ အခုကတော့ သူတို့ ကို မြန်မာနိုင်ငံကို ပြန်ပို့တာကိုပဲစောင့်နေရတယ်၊ ပြန်ပို့ဖို့တော့ကြာဦးမယ်လို့ သိရတယ်။ သူတို့က အခု မဟာချိုင်ရဲစခန်းကနေ အဆင့်ဆင့် ဘန်ကောက်မှာရှိတဲ့ အချုပ်ကိုပို့ခံရပြီးမှ ပြန်ပို့ပေးမယ်ထင်တယ်” ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်က ဆိုသည်။
အလားတူ ဘန်ကောက်ရှိ ITC ရုံးတွင်လည်း တရားမဝင်နေထိုင်မှု၊ ဗီဇာသက်တမ်းကုန်မှုများဖြင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် မြန်မာလုပ်သား အများအပြားရှိနေကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ စုံစမ်းသိရသည်။